ကျောက်မဲမြို့တွင် အမျိုးသား(၃)ဦး နှင့် မူးယစ်ဆေးများ ဖမ်းမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် မူးယစ်မှုဖြင့်ထောင်ဒဏ်ကျခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ နေအိမ်အား ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၁၂)ရက်နေ့ နေ့လယ်ပိုင်းက ဝင်ရောက်ရှာဖွေရာ အမျိုးသား (၃)ဦးကို စိတ်ကြွရူးသွပ်ဆေးပြား၊ ဘိန်းဖြူတို့နှင့်အတူ ဖမ်းမိကြောင်း သိရသည်။
ကျောက်မဲမြို့၊ အမှတ် (၂) ရပ်ကွက်၊ နယ်မြေ (၁၃) ရှိ နေအိမ်အား ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် အသိသက်သေများပါဝင်သည့် အဖွဲ့က ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်နှင့် အခြားအမျိုးသား (၂)ဦးတို့ကို တွေ့ရခြင်းဖြစ်ပြီး WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၃၅၅၄ )ပြား၊ ဘိန်းဖြူ ( ၃၄.၅ ) ဂရမ် တို့နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ နေအိမ်ပိုင်ရှင်ဖြစ်သည့် ဇော်ခင် (ခ) ဖိုးခင်မှာ ယခင်က မူးယစ်ဆေးဝါးမှုဖြင့် ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ၂၀၂၀ ခုနှစ်၊ ဧပြီလက ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းမိသည့် ဇော်ခင်(ခ) ဖိုးခင်၊ ရဲမင်းထွန်းနှင့် ထွန်းထွန်းဦးတို့ကို မယ(ပ) ၃၇/ ၂၀၂၀၊ မူး-စိတ် ပုဒ်မ ၁၉( က) / ၂၁ ဖြင့် ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်