ရှမ်းပြည်နယ်အတွင်းက ကုန်တင်ယာဉ်မောင်းများ ပြည်နယ်တွင်းသွားလာမှုတွင် မြို့များ၌ Quarantine ဝင်ရန် မလို
ရှမ်းပြည်နယ်အတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ဆောင်နေသည့် ကုန်တင်ယာဉ်မောင်းများ ပြည်နယ်တွင်းမြို့နယ်များ၌ Quarantine ဝင်ရန် မလိုဘဲ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ကနေ ဝင်လာမယ့် ကုန်တင်ယာဉ်တွေက ယာဉ်မောင်းတွေပဲ COVID 19 ကင်းရှင်းကြောင်း နှစ်ပတ်အတွင်း စစ်ဆေးထားတဲ့ ထောက်ခံချက်လိုတယ်။ ရှမ်းပြည်နယ်တွင်းက ကုန်တင်ယာဉ်တွေကတော့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်ကို သွားခွင့်မရပေမဲ့ ပြည်နယ်တွင်းမှာ လွတ်လွတ်လပ်လပ်သွားလို့ရတယ်။ Quarantine ဝင်စရာမလိုဘူး”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁)ရက်နေ့တွင် ပြောသည်။
ယင်းသို့ ကန့်သတ်ထားသည့်ကာလအတွင်း ပြည်နယ်တွင်းရှိ ကုန်တင်ယာဉ်များအနေဖြင့် ပြည်နယ်တွင်း မြို့နယ်အသီးသီးသို့ လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။
“အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်က လာတဲ့ ကုန်တင်ယာဉ်မောင်းတွေကို အရင်ကတည်းက Facility Quarantine ထားတယ်။ ရှမ်းပြည်နယ်တွင်းကလာတဲ့ ယာဉ်မောင်းတွေကတော့ Quarantine ဝင်စရာမလိုဘူး။ ဝင်ထွက်လို့ရတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။
ရှမ်းပြည်နယ်တွင်းသို့ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကုန်တင်ယာဉ်မောင်းများ ဝင်ရောက်ခြင်းကို ကျန်းမာရေးထောက်ခံချက် စိစစ်ခြင်းအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ အောက်တိုဘာလ (၁၄) ရက်နေ့အထိ စစ်ဆေးမည်ဖြစ်ပြီး ယင်းကာလအတွင်း ပြည်နယ်တွင်းမှ ကုန်တင်ယာဉ်များကိုလည်း ပြည်နယ်ပြင်ပသို့ ထွက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
Tachileik News Agency