လားရှိုးတွင် လမ်းဘေးထိုင်နေသည့် လူငယ်တစ်ဦးအား ဓါးဖြင့်ဝိုင်းခုတ်သူ လူငယ်အဖွဲ့ကို ညတွင်းချင်း ဖမ်းမိ
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၊ ရပ်ကွက် (၅)တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈) ရက် ညပိုင်းက အမျိုးသားတစ်ဦးအား အုပ်စုဖွဲ့၍ဓါးများဖြင့်ဝိုင်းခုတ်သွားသောအဖွဲ့ကို ညတွင်းချင်း ဖမ်းမိထားပြီဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့၊ ရပ်ကွက် (၅)၊ နယ်မြေ (၁၃) ရှိ (၅၄)လမ်းတွင် ည (၈)နာရီဝန်းကျင်အချိန်က လမ်းဘေးထိုင်နေသည့် အသက် (၁၆)နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးအနီးသို့ ဆိုင်ကယ် (၃)စီးဖြင့် လူ (၆)ဦးပါသည့်အဖွဲ့ ရောက်လာပြီး ဓါးဖြင့် ဝိုင်းခုတ်ခဲ့ကြကာ မောင်းနှင်ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း သိရသည်။
ဓါးဖြင့်ခုတ်ခံရသည့်လူငယ်သည် ထွက်ပြေးလာရင်း လမ်းဘေးလဲကျနေခဲ့သည်ကို တွေ့ရသဖြင့် လားရှိုးလူငယ်များ လူမှုကူညီရေးအသင်းက ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ဓါးဖြင့်ခုတ်ခံရသည့်လူငယ်မှာ ဦးခေါင်းညာဘက်ခြမ်းတါင် ပြတ်ရှဒဏ်ရာ၊ ဝဲဘက်လက်မပြတ်၊ ဒူးခေါင်းပြတ်ရှဒဏ်ရာ၊ ဝဲဘက်ခြေသန်းပြတ်သည့် ဒဏ်ရာများရသွားကြောင်း သိရသည်။
အဆိုပါ ဓါးခုတ်မှုနှင့်ပတ်သက်၍ လားရှိုးမြို့မရဲစခန်းမှ နယ်ထိန်းတပ်ဖွဲ့ဝင်များက လိုက်လံရှာဖွေဖမ်းဆီးရာ ဓါးဖြင့်ခုတ်သွားသည့်အဖွဲ့ကို အသုံးပြုခဲ့သည့် လက်နက်များနှင့်အတူ ယင်းနေ့ညမှာပင် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓါးဖြင့်ခုတ်သည့်အဖွဲ့မှ ကျားပေါက်၊ အားဖန်၊ ရန်နိုင်၊ နော်ကျာ၊ ဖုကျင်ထုံနှင့် နေမျိုးဆေးတို့အားလားရှိုးမြို့မရဲစခန်းတွင် ( ပ ) ၅၁၈/ ၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/ ၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Tachileik News Agency