ကယားပြည်နယ်တွင် လက်ရှိမဲရလဒ်များအရ NLD က မဲဆန္ဒနယ် (၃၄) နေရာအနက် နေရာ (၂၀) အနိုင်ရ
ကယားပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်နေ့ နေ့လယ်ပိုင်းအထိ ဖားဆောင်းမဲဆန္ဒနယ်မှလွဲ၍ ကျန်မြို့နယ်အားလုံးမှ ဆန္ဒမဲများရေတွက်ပြီးစီးသွားချိန် မဲရလဒ်များအရ မဲဆန္ဒနယ် (၃၄) နေရာအနက် NLD က မဲဆန္ဒနယ် နေရာ (၂၀)တွင် အနိုင်ရထားပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက မဲဆန္ဒနယ် (၈)နေရာ၊ USDP က မဲဆန္ဒနယ် (၆) နေရာ၌ အနိုင်ရထားသည်။
ဖရူဆိုမြို့နယ်၏ မဲဆန္ဒနယ် (၅) နေရာလုံးတွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီက အနိုင်ရထားပြီး ဘောလခဲတစ်မြို့နယ်လုံးတွင် USDP က အနိုင်ရရှိထားကာ NLD ပါတီက မယ်စဲ့၊ လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်တို့တွင် အနိုင်ရထားခြင်းဖြစ်သည်။
" လက်ရှိ လွိုင်ကော်မြို့နယ်မှ ာမဲရေတွက်ထားမှုအရကတော့ ကျွန်တော်တို့နိုင်မယ့် အနေအထားမျိုးတော့ ရှိတယ်ပေ့ါလေ။ လောလောဆယ်မှာ UEC က တရားဝင် မထုတ်ပြန်သေးဘူးပေါ့ ။"ဟု လွိုင်ကော်မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ထားသည့် လက်ရှိ ပြည်နယ်အစိုးရအဖွဲ့၏ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ လဝကဝန်ကြီး ဦးခင်မောင်ဖြူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကယားပြည်နယ်ရှိ မြို့နယ် (၇) မြို့နယ်မှ မဲရလဒ်များကို သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ရုံးများတွင် ပို့ဆောင်ထားရာ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စုထဲမှ သွားလာရခက်ခဲသည့် မဲရုံ (၇)ရုံ၏ မဲရလဒ်များ ကျန်ရှိနေသေးကြောင်းသိရသည်။
ကယားပြည်နယ်၏ ရွေးကောက်ပွဲရလဒ်များနှင့် ပက်သက်၍ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်များ၏ မဲရလဒ်စာရင်းများကို အပြည့်အစုံစိစစ်ပြီးမှသာ ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း