ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာကို စက်တပ်လေထီးနှင့်ဗုံးကြဲချ၍ မိသားစုဝင် ၃ ဦးသေဆုံး

ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာကို စက်တပ်လေထီးနှင့်ဗုံးကြဲချ၍ မိသားစုဝင် ၃ ဦးသေဆုံး

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာ(ခေါ် )အနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးဖြင့် ဗုံးကြဲတိုက်ခိုက်၍ အရပ်သား(၃)ဦး ထိမှန်သေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။

၂၀၂၅ခုနှစ် ဧပြီလ(၆)ရက်နေ့ ညပိုင်းတွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှတက်လာသည့်  စက်တပ်လေထီးဖြင့် သုံးပန်လှကျေးရွာကို (၁၂၀)မမ ဗုံးသီး(၃)လုံး အပါအဝင် ဗုံး(၅)လုံး ကြဲချရာ လူနေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

“လက်နက်ကြီး အိမ်ပေါ်ကျပြီး မီးလောင်တာပါ။ မီးလောင်သေဆုံးတယ်။ သေဆုံးသူတွေက မောင်နှမတွေပါ အိမ်ထောင်မရှိ အပျိုကြီး၊ လူပျိုကြီးတွေ။”ဟု ချောင်းဦးမြို့နယ် ပအဖ တာဝန်ခံ ကိုဝင်းသန့်နိုင်က Tachileik News Agency ကိုပြောသည်။ 

ဗုံးသီးချတိုက်ခိုက်ခြင်းကြောင့်  အမျိုးသားတစ်ဦးနှင့် အမျိုးသမီး (၂)ဦး မီးလောင်ဒဏ်ရများဖြင့် သေဆုံးခဲ့ရပြီး ပတ်ဝန်းကျင်ရှိနေအိမ်များလည်း ပျက်စီးဆုံးရှုံးခဲ့ရကာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ပြင်းထန်ဒဏ်ရာရရှိသည်ဟု ဆိုသည်။ 

သေဆုံးသူများမှာ ဦးဝင်ဇော်ဦး (၆၅)နှစ်၊ ဒေါ်မြတုတ် (၆၈)နှစ်နှင့် ဒေါ်သန်းနု (၆၂)နှစ်တို့ဖြစ်ပြီး ဒဏ်ရာရသူများမှာ ဦးစန်းမြင့်(၅၅)နှစ် ယာဖနှောင့် ကြေမွဒဏ်ရာနှင့် ဒေါ်ကြည်ပြာ(၄၀)နှစ် ပေါင်ဒဏ်ရာ စိုးရိမ်ရတို့ ရရှိသွားသည်ဟု သိရသည်။

“နောက်ဆက်တွဲတော့ ထူးခြားမှုမရှိသေးပါ။ အဲဒီရွာကတော့ ပထမဆုံးကြုံရတာမို့ အရမ်းထိတ်လန့်နေကြပါတယ်။”ဟု ကိုဝင်းသန့်နိုင်က ဆက်ပြောသည်။

အဆိုပါ ချောင်းဦးမြို့နယ် သုံးပန်လှကျေးရွာအနီးတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်း မရှိသလို တော်လှန်ရေးတပ်များနှင့်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းများမရှိဟု ဆိုသည်။

စစ်ကောင်စီသည် ငလျင်ဒဏ်သင့်ပြည်သူများအား ကူညီကယ်ဆယ်နိုင်ရန် ဧပြီလ (၂)ရက်နေ့မှ (၂၂)ရက်နေ့အထိ အပစ်ရပ်သည်ဟု ကြေညာ၍ လေကြောင်းမှ ဗုံးကြဲချခြင်း၊ စစ်ကြောင်းထိုးခြင်းများကို ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။

#TachileikNewsAgency