အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဩစတြေးလျနိုင်ငံက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ (၁၀)သန်း ထပ်ကူညီမည်ဖြစ်သော်လည်း စစ်ကောင်စီလက်ထဲ တိုက်ရိုက် မထည့် 

အာရှဖွံ့ဖြိုးရေးဘဏ်နှင့် ဩစတြေးလျနိုင်ငံက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ (၁၀)သန်း ထပ်ကူညီမည်ဖြစ်သော်လည်း စစ်ကောင်စီလက်ထဲ တိုက်ရိုက် မထည့် 
ဧပြီ 2, 2025

ငလျင်ဒဏ်ခံခဲ့ရသည့် မြန်မာပြည်သူများအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ဒေါ်လာ(၃)သန်းနှင့် ဩစတြေးလျနိုင်ငံက ဒေါ်လာ(၇)သန်း ထပ်မံလှူဒါန်းလိုက်ပြီး အလှူငွေများကို စစ်ကောင်စီထံ တိုက်ရိုက်မပေးဘဲ တဆင့်ထောက်ပံ့ပေးအပ် လှူဒါန်းသွားရန် စီစဉ်ထားကြောင်း  သိရသည်။

ငလျင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအတွက် လှူဒါန်းကြခြင်းဖြစ်ပြီး အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)မှတဆင့် ပေးအပ်သွားမည်ဖြစ်သည်။

ဩစတြေးလျအနေဖြင့် လှူဒါန်းငွေများကို စစ်ကောင်စီထံ တိုက်ရိုက်ပေးမည်မဟုတ်ဘဲ စစ်ကောင်စီကို တရားဝင်မှု မဖြစ်စေရန် အသေအချာ ကြိုတင်ပြင်ဆင်၍ ပေးအပ်မည်ဟု နိုင်ငံခြားရေးဝန်ကြီးနှင့် နိုင်ငံတကာဖွံ့ဖြိုးရေးနှင့် ပစိဖိတ်ရေးရာဝန်ကြီးတို့၏ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

အလှူငွေနှစ်ခုလုံးကို ငလျင်ဒဏ်သင့် မြန်မာပြည်သူများ၏ သောက်သုံးရေ၊ ဆေးဝါး၊ နေထိုင်စရာနှင့် အရေးကြီးပစ္စည်းများဝယ်ယူနိုင်ရန် ကူညီခြင်းဖြစ်သည်ဟု သိရသည်။

မတ်လ(၃၀)ရက်နေ့ကလည်း ဩစတြေးလျအစိုးရက လူသားချင်းစာနာမှုလုပ်ငန်းများ အလျင်အမြန်လုပ်ဆောင်နိုင်ရန် ဒေါ်လာ(၂)သန်းကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)ကတဆင့် ပေးထားသည်။

မတ်(၂၈)ရက်နေ့က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား(၇.၇)ရစ်ချ်တာစကေးရှိ ငလျင်ကြောင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းနှင့် ရှမ်းတောင်တို့တွင် အပျက်အစီးများပြီး သေဆုံးသူများစွာရှိနေခြင်းဖြစ်သည်၊။

#TachileikNewsAgency