တာချီလိတ်မြို့ လွယ်စတုံလမ်းပေါ်တွင် အမျိုးသား(၂)ဦးက အမျိုးသမီးများ မောင်းလာသည့် ကားကို ဟန့်တားပြီး သေနတ်ဖြင့် ချိန်ရွယ်

တာချီလိတ်မြို့ လွယ်စတုံလမ်းပေါ်တွင် အမျိုးသား(၂)ဦးက အမျိုးသမီးများ မောင်းလာသည့် ကားကို ဟန့်တားပြီး သေနတ်ဖြင့် ချိန်ရွယ်

တာချီလိတ်မြို့ လွယ်စတုံလမ်းပေါ်တွင်   အမျိုးသား(၂)ဦးက အမျိုးသမီးများ မောင်းလာသည့် ကားကို ဟန့်တားပြီး သေနတ်ဖြင့် ချိန်ရွယ် 

* * * * * 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စု နှင့် မိုင်းဟဲကျေးရွာအုပ်စုအကြား ကျောက်ခွဲစက်ဘက်သို့ သွားရာ လွယ်စတုံလမ်းပေါ် လွယ်စတုံဂိတ်နှင့် မနီးမအဝေး တစ်နေရာတွင် သေနတ်ကိုင်ဆောင်ထားသည့် အမျိုးသား(၂)ဦးက အမျိုးသမီးများပါသည့် ကားကို သေနတ်ဖြင့် ချိန်ရွယ်ပြီး ကားပေါ်ကနေ အတင်းဆင်းခိုင်းသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

"ပါဂျယ်ရိုအဖြူရောင် ကားက အနောက်က လိုက်လာပြီး မိန်းကလေးတွေ မောင်းလာတဲ့ ကားရှေ့မှာ ကန့်လန့် ထိုးရပ်တာ။ မိန်းကလေးတွေ မောင်းလာတဲ့ကားကလည်း လန့်သွားပုံရတယ်။ ကားကို အနောက်  ပြန်ဆုတ်သွားတော့ သူတို့ကလည်း ပြန်ကွေ့ပြီး လိုက်ပြီး တားတယ်။ အဲ့လိုနဲ့ ကားပေါ်က လူ(၂)ယောက် ဆင်းသွားပြီး သေနတ်ထုတ် ချိန်တာ။ ချိန်ပြီး ကားထဲက လူတွေကို ကားတံခါးဖွင့်ပြီး ထွက်လာဖို့ အတင်း အော်ပြောနေတာ။ သေနတ်နဲ့ချိန်တာကလည်း တကယ်ပစ်တော့မဲ့အတိုင်းပဲဗျ။ ဒီလိုနဲ့ နောက်ဆုံး ကားပေါ်က မိန်းကလေးတွေ မထွက်လာတော့ သူတို့လည်း မောင်းပြန်သွားတယ်။ ဖြစ်တာကတော့ ညနေပိုင်းမှာ ဖြစ်တာ။"ဟု အနီးအနားကျေးရွာမှ မြင်တွေ့ရသူ အမျိုးသားတစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် ပြောသည်။

အမျိုးသား(၂)ဦး စီးလာသည့် ကားအမျိုးအစားမှာ Pajero iO အမျိုးအစား အဖြူရောင်ကားဖြစ်ကြောင်း ၎င်းထံက သိရသည်။

"သူတို့က ရဲတွေလား ဓါးပြတွေလားဆိုတာကိုတော့ မသိဘူး။ ဒါပေမဲ့ အဲ့ကားက ဒီရွာလမ်းကနေ ဖြတ်သွား ဖြတ်လာတော့ တခါတလေ တွေ့ဖူးတယ်။ ကားနံပါတ်တော့ သေချာ မကြည့်မိထားဘူး။ နောက်တခါဆိုရင် ကားနံပါတ် မှတ်ထားပေးပါ့မယ်။ သူတို့က ရဲဆိုရင်လည်း ကျွန်တော်တို့က ရဲတပ်ဖွဲ့ကပါဆိုပြီး ID ကတ်ပါ ပြပြီး ပြောသင့်တယ်။ ဘာလို့ဆို တာချီလိတ်မှာက ပြည်သူ့စစ်လိုလို ရဲလိုလို တပ်ကလိုလို လက်နက်တွေကိုင်ပြီး ဓါးပြတိုက်တာမျိုးတွေ ရှိတာဆိုတော့လေ။ ရဲကဆိုရင်လည်း ပြည်သူကို အထိတ်တလန့် မဖြစ်အောင်တော့ လုပ်ဆောင်သင့်တာပေါ့ဗျာ။ အခုကတော့ သူတို့ဟာ သူခိုးလား ဓါးပြလား ရဲလား ဆိုတာမျိုး ဝေခွဲမရဘူးဗျ"ဟု ၎င်းက ဆက်လက် ပြောပြသည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများမှာ နေ့စဉ် ဖြစ်ပွားနေပြီး ယခု ဖြစ်စဉ်ဖြစ်ပွားသည့် လွယ်စတုံလမ်းတွင် ပြီးခဲ့သည့် မတ်လ(၃)ရက်နေ့ ည(၈)နာရီ ဝန်းကျင်က ကုန်ဆုံဆိုင် တစ်ဆိုင် ဓါးပြတိုက်ခံရမှု ဖြစ်ပွားခဲ့သလို မတ်လ(၂၆)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်ကလည်း ဆိုင်ကယ် မောင်းလာသည့် မိန်းကလေးငယ်တစ်ဦးထံက ဆိုင်ကယ်လုယက်သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးသည်။

"လက်ရှိ တာချီလိတ်အနေအထားအရ ကားနဲ့သွားလာတဲ့အခါ ပူးပေါင်း စစ်ဆေးရေးနဲ့တွေ့ရင်တော့ သူတို့စစ်တာကို အသာတကြည် စစ်ဆေးခံရမှာပေါ့နော်။ အဲ့လိုမဟုတ်ဘဲ လမ်းကြိုလမ်းကြားထဲမှာ အဖွဲ့စုံနဲ့မဟုတ်ဘဲ ရဲအမှတ်တံဆိပ်လည်း မပါဘဲ အရပ်ဝတ်နဲ့ သေနတ်ကိုင်ထားသလို လူဦးရေ (၂)ယောက် (၃)ယောက်လောက်ပဲ ဆိုရင်တော့ ဒါက စိတ်မချရဘူး။ ကားတံခါးကို အမြန်လော့ချထားပြီး မဖွင့်ပေးဘဲ သူတို့ကို ဘယ်ကလဲဆိုတာ ရအောင်မေးပြီး ရဲဆိုရင် ရဲကတ်ပြလို့ ပြောမှ လုံခြုံမှု ရှိနိုင်မယ်။ အဲ့လို မဟုတ်ရင်တော့ တာချီလိတ် အခြေအနေအရ သူခိုး ဓါးပြလည်း ဖြစ်နိုင်တယ်။ ဒီနေရာမှာ သက်ဆိုင်ရာတွေကိုလည်း အကြံပြုချင်တာက လမ်းကြိုလမ်းကြားမှာ အရပ်ဝတ်နဲ့ လူနည်းနည်းနဲ့ စစ်ဆေးတာမျိုး လုပ်တယ်ဆိုရင်လည်း ပြည်သူတွေ မလန့်အောင် မိမိက ရဲကလား ပြည်သူ့စစ်ကလားဆိုတာကို တဖက်လူ ကွဲကွဲပြားပြား သိစေဖို့ လုပ်ဆောင်ပေးဖို့လည်း လိုတာပေါ့နော်"ဟု အမည်မဖော်လိုသည့် ရဲအငြိမ်းစား တစ်ဦးက အကြံပြုသည်။