ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်၏ ညွှန်ကြားချက်ဖြင့် ကားအရောင်းနေရာများတွင် လိုင်စင်မဲ့ကားများနှင့် လိုင်စင်ပါကားများ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးမှုရာတွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်အားလုံးကို စစစ ဒုညွှန်ချုပ်ကိုယ်တိုင် လာရောက် စစ်ဆေးပြီးနောက် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်များအနက် ဒုရဲမှူး (၄)ဦး နေရာပြောင်းရွှေ့ခံလိုက်ရကြောင်း သိရသည်။
ပြောင်းရွှေ့ခံရလိုက်ရသည့် ဒုတိယရဲမှူး (၄)ဦးမှာ မိုင်းပျဉ်းမြို့နယ်ရဲတပ်ဖွဲ့၏ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မြင့်စိုး၊ မက်မန်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူး ဉာဏ်ထွန်း၊ မိုင်းယန်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး အောင်မိုးခိုင်၊ မိုင်းလားခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ဗိုလ်ဌေး တို့ဖြစ်ပြီး ၎င်းတို့ထဲတွင် ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှူးရုံးတွင် တွဲဖက်ထားသူများပါဝင်ပြီး ၎င်းတို့ (၄)ဦးကို ယခုအခါ ဆီဆိုင်၊ ကျေးသီး၊ မိုင်းရှူး နှင့် မိုင်းကိုင်သို့ ၂၀၂၅ခုနှစ် မတ်လ(၁၇)ရက်နေ့က ပြောင်းရွှေ့လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့ရှိ ကားအရောင်းနေရာများတွင် လိုင်စင်မဲ့ကားများ ဖမ်းဆီးရေးကို အဓိက အနေဖြင့် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင်က ဦးဆောင် ညွှန်ကြား ခိုင်းစေခြင်း ဖြစ်ပြီး ၎င်း၏ စေခိုင်းမှုဖြင့် ရဲတပ်ဖွဲ့ဝင်များအားလုံးမှာ ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း ယခုအခါ အရေးယူခံရမှုအနေဖြင့် နေရာပြောင်းရွှေ့ခံရသူမှာ (၄)ဦးသာ ဖြစ်နေသည့်အတွက် တရားမျှတမှုမရှိဟု ရဲတပ်ဖွဲ့ဝင်များအကြား ပြောဆိုမှုများရှိနေသည်။
"ဒုပြည်နယ်မှူးက ခိုင်းတော့ ဆောင်ရွက်ရတာပေါ့။ သူခိုင်းတော့ တာချီလိတ်က အဖွဲ့တွေလည်းပါတယ်။ ကျိုင်းတုံမှာ တွဲဖက်ထားတဲ့ အဖွဲ့တွေလည်းပါတယ်။ အခု ပြဿနာတက်ပြီး မရှင်းနိုင်တော့ ဒုရဲမှူး အဆင့်ရှိတဲ့ (၄)ဦးကို နေရာပြောင်းရွှေ့ခံလိုက်ရတယ်။ ခေါင်းဆောင်ဆိုတာက တာဝန်ယူစိတ် တာဝန်ခံစိတ်ရှိမှ ခေါင်းဆောင်ကောင်းပီသတာ မဟုတ်လား။ အခုတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ ပြောင်းရွှေ့ခံရတော့ စိတ်မကောင်းဖြစ်မိတယ်။ ခိုင်းတဲ့အတိုင်း မလုပ်ရင်လည်း အရေးယူခံရမယ်။ လုပ်ပြန်တော့လည်း အရေးယူခံရတယ်။ အခုက အဲ့လိုတွေ ဖြစ်နေတယ်"ဟု အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ မတ်လ(၁၈)ရက်နေ့တွင် ပြောသည်။
တာချီလိတ်မြို့ရှိ ကားအရောင်းနေရာများတွင် လိုင်စင်မဲ့ကားများနှင့် လိုင်စင်ပါကားများကို ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ဘက်လိုက်မှုနှင့်အတူ အဂတိလိုက်စားမှုများကြောင့် နေပြည်တော်မှ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းနိုင်ထွန်း ကိုယ်တိုင် လာရောက်ပြီး ၂၀၂၅ခုနှစ် မတ်လ(၇)ရက်နေ့မှ (၉)ရက်နေ့အထိ (၃)ရက် ဆက်တိုက် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး သန့်ဇင် အပါအဝင် ဖမ်းဆီးရေးတွင် ပါဝင်သူအားလုံးကို တာချီလိတ် စစစ ရုံးတွင် ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မတ်လ(၁၇)ရက်နေ့တွင် အပြောင်းအရွှေ့များ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
"စစစ ဒုညွှန်ချုပ် ကိုယ်တိုင် လာစစ်သွားတော့ အစစ်ခံရတဲ့ ဒုပြည်နယ်မှူးကနေ အောက်ခြေအထိ တုန်လှုပ်နေကြတယ်။ အပြောင်းအရွှေ့တွေ အကုန်ပါတော့မှာပဲဆိုပြီး တွေးပူနေကြတာပေါ့။ အခုတော့ ဒုရဲမှူး (၄)ဦးပဲ ပါတယ်လို့ သိရတော့။ စစစ ရဲ့ စစ်ဆေးချက်က သံသယဖြစ်စရာပဲ။ အခုလိုမျိုးဆို အထက်က ခိုင်းလာရင် မလုပ်လို့လည်းမရ၊ လုပ်ပြန်တော့လည်း ထိုးကျွေးခံရတာမျိုးဆို အဆင်မပြေနေဘူးလေ။ ဘယ်သူမှလည်း ဘာမှ ပြန်မတင်ပြရဲကြဘူး။ "ဟု နောက်ထပ် အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
ယခု ဒုတိယရဲမှူး (၄)ဦး ပြောင်းရွှေ့ခံရသည့် နေရာများမှ ဒုတိယရဲမှူး(၄)မှာ ၎င်းတို့ နေရာတွင် အစားထိုး ဝင်ရောက်မည်ဖြစ်၍ တာဝန်နှင့်နေရာများကို ဒဲ့အချိန်းအပြောင်း ပြုလုပ်ခြင်း ဖြစ်သည်ဟု သိရသည်။
ဖမ်းဆီးမှုအတွင်း နေရာပေါင်း (၂၂)နေရာကို ဖမ်းဆီးပြီး လိုင်စင်မဲ့ကား အစီး(၅၀)ဖမ်းဆီးရမိကြောင်း စာရင်းပြသော်လည်း လက်တွေ့ မြေပြင်အခြေအနေမှာ လိုင်စင်ရှိကား အများအပြားပါဝင်ပြီး အစီးရေ ပိုမိုများပြားကြောင်း နှင့် ဖမ်းဆီးမှုအတွင်း အရောင်းစာရေးမ အပါအဝင် လူ(၉)ဦး ဖမ်းဆီးခံရကြောင်း အပြင် ဖမ်းဆီးခံရသူများတွင် “IC”ကားရေဆေးခုံ နှင့်ကားဝပ်ရှော့ မှ ကားပြင်ဆရာများ အပါအဝင် (၄)ဦး ဖမ်းဆီးခံရပြီး ကားပြင်ရန် လာပို့ထားသည့် ကားများပါ သိမ်းဆည်းခံခဲ့ရသည်။
လိုင်စင်မဲ့ကားများဖမ်းဆီးမှုအတွင်းဖမ်းခံရသည့် (၉)ဦးသည် တရားရင်ဆိုင်နေရာဆဲ ဖြစ်ကြောင်း သိရသည်။