တာချီလိတ်မြို့တွင် နေရာပြောင်းရွှေ့ပြီး ကျားဖြန့် လုပ်ငန်း လုပ်ကိုင်မည့် တရုတ်နိုင်ငံသား(၁၄)ဦး ဖမ်းမိ

တာချီလိတ်မြို့တွင် နေရာပြောင်းရွှေ့ပြီး ကျားဖြန့် လုပ်ငန်း လုပ်ကိုင်မည့် တရုတ်နိုင်ငံသား(၁၄)ဦး ဖမ်းမိ
ဖေဖော်ဝါရီ 24, 2025 | ရှမ်းရှေ့| မှုခင်းသတင်း

 မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် နေရာပြောင်းရွှေ့ပြီး Shwe Bun Aung Hotel ဝန်းအတွင်း  အွန်လိုင်းငွေလိမ် ကောစင်တာ(ကျားဖြန့်)လုပ်ငန်း လုပ်ဆောင်ရန် ပြင်ဆင်နေသည့် တရုတ်နိုင်ငံသား(၁၄)ဦးကို စစ်တပ်နှင့်ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အတွင်း Shwe Bun Aung Hotel ဝန်းထဲရှိ (၂)ထပ် အဆောက်အဦးတွင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား(၁၄)ဦးကို လက်ကိုင်ဖုန်း (၃၂)လုံးနှင့်အတူ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညပိုင်းက ဖမ်းမိခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းမိသည့် တရုတ်နိုင်ငံသားများမှာ ကျုံးရှောက်တုံ၊  လျှိုကျန်ချောင်၊ ဝမ်ဟုန်ကျွင်း၊ ရွဲ့ဖျင်ဖာ၊  ယမ်ယင်ဟွာ၊ ရှောင်လု၊ ကျိုချွင်ဟုန်၊    ကျိုးကျင့်ခံ၊ ကျင်တလုံ၊ တုန်ကျင်မုန်၊     ကျူးဝန်လုံ၊ ဝမ်ချင့်ယုံ၊ လီတကျင်းနှင့် ယွမ်ကတင်တို့ဖြစ်ပြီး ၎င်းတို့သည် တရုတ်နိုင်ငံ ဟူနယ်ပြည်နယ် အပါအဝင် ပြည်နယ်(၈)ပြည်နယ်က ဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ(၂၃)ရက်နေ့ ညပိုင်းမှာပင် Shwe Bun Aung Hotel ၏ အခန်းနံပါတ် (၂၀၄)တွင် တည်းခိုနေထိုင်သူ အသက်(၃၀)ဝန်းကျင်ရှိ ဟွမ်လျှို အမည်ရှိ  တရုတ်နိုင်ငံသားအား မူးယစ်ဆေးဝါးမျိုးစုံဖြင့် ဖမ်းမိခြင်း ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ဟောင်လိတ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး အမှုဖွင့် စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း တာချီလိတ်မြို့တွင်းနှင့် (၃၆)ကီလိုမီတာကျော် ဝေးသည့် မိုင်းဟဲကျေးရွာအုပ်စု ပန်နယ်ကျေးရွာရှိ နေအိမ်ခြံဝန်းအတွင်း၌  တရုတ်နိုင်ငံသား (၂)ဦး နှင့် ထိုင်းနိုင်ငံသား (၄)ဦးတို့ကိုလည်း  သေနတ်မျိုးစုံ (၅)လက်၊ ကျည်မျိုးစုံ  အတောင့်(၂,၅၀၀)ကျော် နှင့် မူးယစ်ဆေးဝါးတို့ဖြင့် ဖမ်းမိသည့် ဖြစ်စဉ်လည်း ရှိခဲ့သေးကြောင်း သိရသည်။