ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ အုမ္မတီးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နံနက် (၁၀)နာရီခွဲကျော်တွင် ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်သဖြင့် မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။
စစ်ကောင်စီသည် ယနေ့ နံနက်(၁၀)နာရီခွဲတွင် ဗုံးသီးနှစ်လုံးနှင့် (၁၀)နာရီ (၄၅)မိနစ်တွင် နှစ်လုံး လာရောက်ကြဲချသဖြင့် အုမ္မတီးရွာ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားသည်ဟု သိရသည်။
“ဒရုန်းနဲ့ ဗုံးလာချတာ။ ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးသွားတယ်။ မနက်က ဘန့်ဘွေးရွာဘက်ကနေ လက်နက်ကြီးနဲ့ ပစ်ပြီးတဲ့နောက် ဒရုန်းနဲ့ ဗုံးလာချတာ။”ဟု TNLA ရဲဘော်တစ်ဦးက Tachileik News Agency ကိုပြော သည်။
ယနေ့ နံနက်ပိုင်းတွင်လည်း ဘန့်ဘွေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က ဆမ္မဆယ်ရွာကို လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် နေအိမ်(၃)လုံး ပျက်စီးသွားသည်ဟုလည်း သိရသည်။
ဘန့်ဘွေးရွာသည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်ထားသော နောင်ချိုမြို့နှင့် (၁၉)မိုင်အကွာ ပြင်ဦးလွင်-နောင်ချိုကားလမ်းပေါ်တွင်ရှိသည်။
ယမန်နေ့ ညပိုင်းကလည်း နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာအုပ်စုကို စစ်ကောင်စီတပ်သည် လေကြောင်းမှ ပေါင်(၂၅၀)ဗုံးနှစ်လုံး ကြဲချသဖြင့် အသက်(၈၀)အရွယ် အဖွားတစ်ဦး သေဆုံးရပြီး ကလေးနှစ်ဦးအပါ (၄)ဦး ဒဏ်ရာရသည်။
ဖေဖော်ဝါရီလ (၁၉)ရက်နေ့ ညပိုင်းကလည်း စစ်ကောင်စီသည် ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံကို တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံး ကြဲချရာ အရပ်သား(၃)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများမှာ ဘူတာရပ်ကွက်နေ အရပ်သား(၂)ဦးနှင့် ပြည်သူ့ဆေးရုံမှ အရပ်သားတစ်ဦးတို့ဖြစ်သည်ဟု TNLA ဘက်က ထုတ်ပြန်ထားသည်။
TNLA နှင့် စစ်ကောင်စီတို့သည် ဖေဖော်ဝါရီလ (၁၆)ရက်နေ့မှ (၁၇)ရက်နေ့အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ တွေ့ဆုံမှုတွင် ပြေလည်မှုမရရှိခဲ့ကြသဖြင့် စစ်ကောင်စီဘက်က TNLA ထိန်းချုပ်ဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာခြင်းဖြစ်သည်။
#TachileikNewsAgency
Photo:CJ