တာချီလိတ်မြို့တွင် လျှပ်စစ်မီးနှင့် စက်သုံးဆီ အခက်အခဲကြောင့် သင်္ကြန်ကာလအတွင်း ပုန်းထွန်ချောင်းဈေးပွဲ ဖွင့် မဖွင့် မသေချာသေး၍ ဈေးသည်နှင့်ကော်မတီတို့ ဆွေးနွေးမည်

တာချီလိတ်မြို့တွင် လျှပ်စစ်မီးနှင့် စက်သုံးဆီ အခက်အခဲကြောင့် သင်္ကြန်ကာလအတွင်း ပုန်းထွန်ချောင်းဈေးပွဲ ဖွင့် မဖွင့် မသေချာသေး၍ ဈေးသည်နှင့်ကော်မတီတို့ ဆွေးနွေးမည်
ဖေဖော်ဝါရီ 20, 2025 | ရှမ်းရှေ့

 တာချီလိတ်မြို့တွင် နှစ်စဉ် သင်္ကြန်ကာလအတွင်း လွယ်တော်ခမ်း(ပုန်းထွန်)ချောင်း၌ ဖွင့်လှစ်လေ့ရှိသည့် စားသောက်ဈေးဆိုင်ခန်းများအနေဖြင့် ယခုနှစ်တွင် လျှပ်စစ် နှင့် စက်သုံးဆီ အခက်အခဲများကြောင့် ပွဲဈေးဖွင့်လှစ်လိုခြင်း ရှိမရှိ ဈေးသည်များနှင့်ပွဲဈေးကြီးကြပ်မှု ကော်မတီတို့ တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် လျှပ်စစ်မီး နှင့် စက်သုံးဆီ အခက်အခဲများကြောင့် လွယ်တော်ခမ်း(ပုန်းထွန်)ချောင်း၏ သင်္ကြန်ကာလအတွင်း ပွဲဈေးဆိုင်ခန်းများကို ယခင်ရောင်းချနေကြ ဈေးသည်များအနေဖြင့် ဖွင့်လှစ်လိုခြင်း ရှိမရှိကို ပွဲဈေးကြီးကြပ်မှုကော်မတီတို့ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၂၁)ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

လက်ရှိ အခက်အခဲများကြောင့် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချလိုခြင်း မရှိပါက ဈေးသည်များ သဘောအတိုင်းတာဖြစ်မည်ဖြစ်၍ ယခင်ဈေးသည်များ မဖြစ်မနေ လာရောက်ပြီး ဆွေးနွေးအကြံပြုကြရန် ပွဲဈေးကြီးကြပ်မှုကော်မတီက အသိပေးထားသည်။

တာချီလိတ်မြို့တွင် နှစ်စဉ် သင်္ကြန်ကာလအတွင်း၌ လွယ်တော်ခမ်း(ပုန်းထွန်)ချောင်း နှင့် မယ်ဟုတ်ချောင်းတို့တွင် စားသောက်ဈေးဆိုင်ခန်းများဖွင့်လှစ်ပြီး ပွဲဈေးအဖြစ် ပြုလုပ်လျှက်ရှိရာ ယခုနှစ်တွင် မယ်ဟုတ်ချောင်း၌ ယခင်နှစ်လို ဖွင့် မဖွင့် မသိရသော်လည်း လွယ်တော်ခမ်း(ပုန်းထွန်)ချောင်းအတွက် ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ဆွေးနွေးကြမည် ဖြစ်သည်။

တာချီလိတ်မြို့၏ သင်္ကြန်ကာလအတွင်း အဆိုပါ ချောင်း(၂)ချောင်းတွင် ဆိုင်ခန်းခ ဈေးကြီးမှုကြောင့် အစားအသောက်များမှာ အဆမတန် ဈေးကြီးသည့်အတွက် ဝေဖန်သံများလည်း နှစ်စဉ် ထွက်လေ့ရှိသည်။