နယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရုတ်ဂိုဏ်းများ၏ ကျားဖြန့်များကို အကြောင်းပြုပြီး အွန်လိုင်းလောင်းကစား လုပ်ငန်းနေရာများကို ဝင်ရောက်စီးနင်း ရှာဖွေမှုများ ယခုလ၏ ဒုတိယပတ်အတွင်း လုပ်ဆောင်မည့် အခြေအနေ ရှိနေကြောင်း သိရသည်။
"နေ့အတိအကျတော့ မသိရသေးဘူး။ ဒီလထဲမှာ အွန်လိုင်းတွေကို ဖမ်းဆီးရေးလုပ်ဖို့ ရပ်ကွက်တွေမှာ ပူးပေါင်းအဖွဲ့နဲ့ ရှာဖွေ စစ်ဆေးရေးတွေ လုပ်သွားဖို့ အစီအစဉ်ရှိတယ်လို့ သတင်းကြား ထားရတယ်။ တာချီလိတ်က ရဲနဲ့တပ် ပေါင်းပြီး လုပ်မှာလား၊ ကားဖမ်းတုန်းကလို ကျိုင်းတုံကရဲတွေ ဆင်းလာမှာလားဆိုတာတော့ အတိအကျ မသိသေးဘူး။ သူတို့တွေ ဖမ်းချင်တဲ့နေရာကို အဖမ်းပြဖို့ကတော့ သေချာတယ်။"ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၃)ရက်နေ့က ပြုလုပ်သည့် အာဏာသိမ်း စစ်ခေါင်းဆောင်၏ ပြည်ထောင်စုအစိုးရအဖွဲ့လုပ်ငန်းညှိနှိုင်း အစည်းအဝေးအတွင်"တိုင်းနှင့်ပြည်နယ် သက်ဆိုင်ရာ နယ်မြေများ အလိုက် တာဝန်ရှိသူ အဆင့်ဆင့်အနေဖြင့် မိမိတို့၏ ဒေသများအတွင်း အွန်လိုင်းလောင်းကစား နှင့် ငွေကြေးလိမ်လည်မှု လုပ်ငန်းများ အပါအဝင် အခြား ဒုစရိုက်လုပ်ငန်းများ မရှိစေရေးနှင့် မဖြစ်ပေါ်စေရေးအတွက် ဖော်ထုတ် အရေးယူခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ် ဆောင်ရွက်သွားကြရန် မဖြစ်မနေ လိုအပ်ကြောင်း" အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခြင်း ဖြစ်သည်။
ယင်းသို့ ပြောကြားထားမှုကြောင့် ဖေဖော်ဝါရီလ၏ ပထမပတ်အလွန်ကစပြီး အဖမ်းပြရန် အစီအစဉ်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။
"တာချီလိတ်အနေနဲ့ကတော့ ကျားဖြန့်ကို တရုဏ်ဂိုဏ်းတွေက အဓိက လုပ်တာဆိုတော့ ကျားဖြန့်နဲ့ပတ်သက်ရင် ဘယ်အဖွဲ့အစည်းက ပါဝင်ပတ်သက်နေသလဲ၊ အွန်လိုင်းလောင်းကစားတွေနဲ့ပတ်သက်ရင် ဘယ်ရဲတပ်ဖွဲ့က အဓိက ပါဝင်ပတ်သက်မှုတွေရှိနေသလဲဆိုတာကို သူတို့ ဒေသခံ တော်တော်များများက သိနေပြီးသား။ တချို့ ရဲတွေဆိုရင် အစုရှယ်ယာသဘောမျိုးအနေနဲ့ပါတာရှိသေးတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။
လောင်းကစား နှင့် မူးယစ်ဆေးဝါးလုပ်ငန်းများ၌ ဒေသတွင်း အဓိက နယ်မြေခံတပ်နှင့်ရဲတပ်ဖွဲ့တို့ အနေဖြင့် ပါဝင်ပတ်သက်မှု မရှိပါက လောင်းကစားနှင့် ဒုစရိုက်လုပ်ငန်းများ သက်ဆိုးရှည်မည် မဟုတ်သော်လည်း ၎င်းတို့၏ ပါဝင်ပတ်သက်နေမှုများကြောင့် အဆိုပါ လုပ်ငန်းများမှာ သက်ဆိုးရှည်နေခြင်းဖြစ်သည်ကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သိရှိထား၍ ပါဝင်ပတ်သက်သူများကို ထိရောက်စွာ အရေးယူမည်ဟု သတိပေးထားသည်။
"မူးယစ်ဆေးဝါး ကိစ္စများနှင့် အခြားဒုစရိုက်မှုများ၌ ပါဝင်ဆောင်ရွက်နေသူများ အပြင် သက်ဆိုင်ရာ နယ်မြေအလိုက် တာဝန်ရှိသူများ ပတ်သက်နေမှုရှိပါက အားလုံးကို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်သည့် အတွက် အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း" အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဖေဖော်ဝါရီလ(၃)ရက်နေ့မှာပင် ပြောကြားခြင်း ဖြစ်သည်။
တာချီလိတ်မြို့တွင် အထက်ဌာနများ၏ ဖိအားနှင့်ညွှန်ကြားချက်များကြောင့် ဒေသတွင်း သက်ဆိုင်ရာများသည် အထက်က ကျေနပ်အောင် နေရာကွက်ကျား ဖမ်းခြင်း နှင့် ၎င်းတို့နှင့် အပေးအယူ အဆင်မပြေသည့် လောင်းကစားနေရာများကို ရွေးဖမ်းပြီး အထက်ကို အဖမ်းပြလေ့ရှိသည်။