မြန်မာနိုင်ငံသားများ ရင်ဆိုင်နေရသော တောင်ကိုရီးယား ဗီဇာအခက်အခဲအတွက် တောင်ကိုရီးယားလွှတ်တော်တွင် အမတ်များက ဆွေးနွေးမည်ဟု တောင်ကိုရီးယားလွှတ်တော်အမတ် အီယုန်ဆွန်းက ပြောသည်။
၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့ နေ့လယ်ပိုင်းတွင် တောင်ကိုရီးယားလွှတ်တော် အစည်းဝေးခန်းမ ၂၀၉ ၌ "ကိုရီးယား ဒီမိုကရေစီအကျပ်အတည်းမှ ရုန်းထရေးအတွက် မြန်မာ့နွေဦးတော်လှန်ရေးမှ မျှော်လင့်ချက်"ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
တောင်ကိုရီးယားနိုင်ငံတွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ခြင်းက နွေဦးတော်လှန်ရေးကို အားပေးခြင်းဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပြောဆိုရာ လွှတ်တော်အမတ်က ပြန်လည်ပြောဆိုခြင်းဖြစ်သည်။
တောင်ကိုရီးယားတွင် နေထိုင်ကာ တော်လှန်ရေးလုပ်နေသူများ၏ ပတ်စပို့သက်တမ်း အခက်အခဲ၊ ယာယီနေထိုင်သူများ တရားဝင် အလုပ်လုပ်ခွင့် အခက်အခဲ၊ စစ်မှုထမ်းဥပဒေကြောင့် မပြန်ရဲသည့် အခက်အခဲတို့ကို NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ပြောဆိုသည်ဟု သိရသည်။
ဆွေးနွေးပွဲကို ဒီမိုကရက်ပါတီအမတ်များဖြစ်သည့် အီဂျဲဂျောင်၊ ဆောယောင်ဆော့၊ အီယုန်ဆွန်း၊ ယွမ်ထဲယောင်၊ အီဂန်အီးလ် စသည့် အမတ်များက ကမကထပြုပေးပြီး ဆိုးလ်တက္ကသိုလ် အာရှသုတေသနဌာန၊ ဆောင်ဂုံဟွဲတက္ကသိုလ် အာရှအန်ဂျီအိုစင်တာနှင့် နယ်စည်းမခြားဒီမိုကရေစီကျောင်းတို့က ပါမောက္ခများ ဦးဆောင်ပါဝင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
#TachileikNewsAgency
#TNA_MAT
Photo:NUG Representative Office - Republic of Korea