နိုင်ငံပေါင်း (၁၀၀)ကျော်ကို အကူအညီပေးနေသည့် USAID ကို ဒေါ်နယ်ထရမ် နှင့် အီလွန်မက်စ် ပေါင်းပြီး  ပိတ်သိမ်း

နိုင်ငံပေါင်း (၁၀၀)ကျော်ကို အကူအညီပေးနေသည့် USAID ကို ဒေါ်နယ်ထရမ် နှင့် အီလွန်မက်စ် ပေါင်းပြီး  ပိတ်သိမ်း
ဖေဖော်ဝါရီ 3, 2025 | နိုင်ငံတကာသတင်း

 နိုင်ငံပေါင်း(၁၀၀)ကျော်ကို နှစ်ပေါင်း (၆၀)ကျော်အကြာ ကူညီထောက်ပံ့မှုများ ပေးနေသည့် အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ USAID (U.S. Agency for International Development)ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အတည်ပြုချက်ဖြင့် ပိတ်သိမ်းရန် သဘောတူညီလိုက်ဖြစ်ပြီးကြောင်း  ဘီလျံနာ အီလွန်မက်စ်က ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့ အစောပိုင်းတွင် ပြောသည်။ 

ထရမ့်က USAID ၏ ခေါင်းဆောင်ပိုင်းကို အစွန်းရောက် အရူးအုပ်စုဟု ‌တိုက်ခိုက်ပြောဆိုခဲ့ပြီးနောက် နာရီပိုင်းမျှအကြာတွင် အီလွန်မက်စ်၏ ပြောကြားမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

အီလွန်မက်စ်က X ဆိုရှယ်မီဒီယာ၏ X Spaces Stream တွင် တိုက်ရိုက် ထုတ်လွှင့်သော အစိုးရ၏ ထိရောက်မှုရှိရေး စောင့်ကြည့်ဌာန Department of Government Efficiency (DOGE) ၏ လုပ်ငန်းအကြောင်း ဆွေးနွေးမှုအတွင်း USAID ကို ပိတ်သိမ်းမည့်ကိစ္စနှင့် ပတ်သက်၍ ထုတ်ဖော်ပြောခဲ့သည်။

USAID ကို ပိတ်သိမ်းရန် "သေချာသလား" ဟု ၎င်းက သမ္မတထရမ့်ကို အကြိမ် အနည်းငယ် မေးမြန်းအတည်ပြုခဲ့ပြီး ထရမ့်က "ဟုတ်တယ်" ဟု ပြောခဲ့သောကြောင့် USAID ကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း DOGE ကို ဦးဆောင်သူ ဘီလျံနာ အီလွန်မက်စ်က ပြောသည်။

USAID ၏ လုပ်ဆောင်ချက်များက အလွန်ပင် နိုင်ငံရေးအရ ပါတီစွဲရှိကြောင်း သက်သေ အထောက်းအထား မပါဘဲအီလွန်မက်စ်က စွပ်စွဲပြောဆိုကာ တိုက်ခိုက်ခဲ့သည်။

X ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့်သည့် ဆွေးနွေးမှုအတွင်းအီလွန်မက်စ်က USAID မှာ အထဲတွင် ပိုးကောင်ပါသော ပန်းသီးတစ်လုံး ဖြစ်ရုံသာမက ပိုးကောင်များပြည့်နေသော ပန်းကန်လုံးတစ်လုံးအဖြစ် ရည်ညွှန်းခဲ့ပြီး ပြုပြင်၍မရသော အခြေအနေဖြစ်ကာ တစ်ခုတည်းသော ဖြေရှင်းနည်းမှာ အခြေခံအားဖြင့် အားလုံးကို ရှင်းလင်းဖယ်ရှားပစ်ရမည်ဟု ပြောဆိုခဲ့သည်။

X Spaces Stream တွင် တိုက်ရိုက် ထုတ်လွှင့်သော ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် အိုင်အိုဝါပြည်နယ်မှ ရီပါပလီကန်ပါတီ ဆီးနိတ်လွှတ်တော်အမတ် Joni Ernst ကမူ USAID ၏ လုပ်ငန်းစဉ်များအောက်တွင် "အမှန်တကယ် ကောင်းမွန်သော အမေရိကန်နိုင်ငံ အကျိုးပြု အစီအစဉ်များ" ရှိပါက ၎င်းတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်သို့ ရွှေ့ပြောင်းသင့်ပြီး သင့်လျော်သော ကြီးကြပ်မှုရှိစေရန် လုပ်ဆောင်သင့်ကြောင်း ပြောခဲ့သည်။

အိုင်အိုဝါပြည်နယ်မှ ရီပါပလီကန်အမတ် ဆီးနိတ်လွှတ်တော်အမတ် Joni Ernst က X Spaces Stream တွင် ပြောကြားရာတွင် USAID ၏ လုပ်ငန်းစဉ်များအောက်တွင် "တကယ့်ကောင်းမွန်သော အမေရိကန်နိုင်ငံအကျိုးပြု အစီအစဉ်များ" ရှိပါက ၎င်းတို့ကို နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်သို့ ရွှေ့ပြောင်းသင့်ပြီး "ကျွန်ုပ်တို့တွင် သင့်လျော်သော ကြီးကြပ်မှုရှိစေရန်" ပြုလုပ်သင့်ကြောင်း ဆွေးနွေးခဲ့သည်။

၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့ ညပိုင်းတွင် USAID ကိစ္စနှင့် ပတ်သက်၍ သမ္မတထရမ့်ကို သတင်းထောက်များက မေးမြန်းခဲ့ရာ ၎င်းက "ဒါကို အစွန်းရောက် အရူးအုပ်စုက ဦးဆာင်နေလို့ ကျွန်တော်တို့က သူတို့ကို ဖယ်ရှားပစ်မယ်။ ပြီးရင် ကျွန်တော်တို့ ဆုံးဖြတ်ချက်ချမယ်" ဟု ပြောခဲ့သည်။

ကမ္ဘာ့နိုင်ငံ အများအပြားကို ကူညီထောက်ပံ့နေသော USAID ၏ အကူအညီများကို ထရမ့်အစိုးရက ရပ်ဆိုင်းလိုက်ခြင်းကြောင့် မြန်မာဒုက္ခသည်များ အပါအဝင် လူပေါင်း သန်းနှင့်ချီ အခက်အခဲများ ကြုံနေကြရပြီးဖြစ်ရာ USAID ကို ပိတ်သိမ်းလိုက်ပါက ၎င်းတို့အတွက် အလွန်ကြီးမားသော သက်ရောက်ထိခိုက်မှုများ ရှိလာမည် ဖြစ်သည်။

ယခုအခါတွင် USAID (U.S. Agency for International Development)၏ တရားဝင် Website ကိုလည်း ပိတ်ထားလိုက်သည့်အတွက်  ဝင်ရောက်ကြည့်ရှု့မရတော့သည့် အခြေအနေလည်း ဖြစ်နေသည်။

၁၉၆၁ခုနှစ်က စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော USAID (United States Agency for International Development)သည် နိုင်ငံပေါင်း(၁၀၀)ကျော်ကို သတင်းမီဒီယာဖွံ့ဖြိုးရေး အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ကူးစက်ရောဂါများ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှု၊ ငြိမ်းချမ်းနှင့်လုံခြုံရေး နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီစသည့် ကဏ္ဍများစွာအတွက် ကူညီပေးနေသည့် အဖွဲ့အစည်းကြီးဖြစ်ပြီး မြန်မာနိုင်ငံအတွင်းသို့လည်း ကူညီပေးခဲ့သည်။

 

Source: Forbes