ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်အတွင်း ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အဖွဲ့(၇)ဖွဲ့ဖြင့် ပူးပေါင်းပြီး လိုင်စင်မဲ့ ကား/ဆိုင်ကယ်များ မရှိစေရေးအတွက် ယခုနှစ် ဖေဖော်ဝါလ၏ ပထမပတ်တွင်းက စတင်ပြီး လုပ်ဆောင်သွားရန် ညွှန်ကြားထားကြောင်း သိရသည်။
ကျိုင်းတုံတပ်နယ် နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)၊ မြို့နယ်ပုဂ္ဂလိကမော်တော်ယာဉ်ကြီးကြပ်ရေးကော်မတီ၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန စသည့် အဖွဲ့(၇)ဖွဲ့ကို တစ်ဖွဲ့အဖြစ်ပေါင်းကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံခရိုင်ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ဘေးကင်းရှင်းရေးလုပ်ငန်းကော်မတီ ဥက္ကဌဖြစ်သူ ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေ က ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၆)ရက်နေ့တွင် အစည်းအဝေးပြုလုပ်ပြီး အဖွဲ့(၇)ဖွဲ့ပူးပေါင်းကာ တရားမဝင်ကားဂိတ်များ ဖွင့်လှစ်ထားသည့် နေရာများ ရှိ မရှိ နှင့် တရားမဝင် ယာဉ်လိုင်းများ ပြေးဆွဲနေမှု အပါအဝင် လိုင်စင်မဲ့ ကား/ဆိုင်ကယ်များ မရှိစေရေးအတွက် တားဆီး စစ်ဆေးအရေးယူမည့်ကိစ္စကို လုပ်ဆောင်ရန် အစည်းအဝေးတွင် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း သိရသည်။
"လိုင်စင်မဲ့ ကား/ဆိုင်ကယ်တွေ မရှိရေးဆိုပြီးတော့ ညွှန်ကြားထားတယ်လို့ အသိ ဝန်ထမ်းတစ်ယောက်က ပြောလာတယ်။ တကယ်က ကားတွေ ဆိုင်ကယ်တွေကို တခါတည်းအပြီး သက်သက်သာသာနဲ့ လိုင်စင်လုပ်ပေးတဲ့ နည်းလမ်းကို အသုံးပြုရင် တဖက်ကခလည်း အခွန်ရသလို တဖက်ကလည်း လိုင်စင်ရသွားမယ်။ ပြည်သူတွေ ဘယ်လိုနည်းလမ်းနဲ့ဆိုရင် အဆင်ပြေကြမလဲ ဆိုတာကို ဦးစားပေးရမှာ။ အခုက သူတို့ လုပ်သမျှက ပြည်သူကို ခြိမ်းခြောက်နေသလိုပဲ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။
ကျိုင်းတုံမြို့နယ်အတွင်း စစ်ဆေးမည့်နေ့ကို ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် လုပ်ဆောင်ရန် သတ်မှတ်ထားသော်လည်း တနင်္ဂနွေ ရုံးပိတ်ရက်ဖြစ်၍ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် စတင်လုပ်ဆောင်လာနိုင်ကြောင်း သိရသည်။
ဦးနိုးဝေသည် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့က လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးအဖြစ် လင်းခေးတွင် တာဝန်ကျနေစဉ် ၎င်းစီးသည်ကားကို လက်နက်ကိုင်အဖွဲ့စည်း တစ်ဖွဲ့က သေနတ်ဖြင့် ပစ်ခတ်ရာ ၎င်းတွင် သေနတ်ဒဏ်ရာရရှိပြီး ဆေးကုသမှု ခံယူခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သေးသလို ၎င်းသည် မကြာမီ သက်ပြည့်ယူရတော့မည်ဖြစ်ကြောင်းလည်း သိရသည်။