လားရှိုးမြို့ကနေ MNDAA တပ်များ ပြန်လည် ဆုတ်ခွာသည့်သတင်းမှာ သတင်းအမှားဖြစ်နေ

လားရှိုးမြို့ကနေ MNDAA တပ်များ ပြန်လည် ဆုတ်ခွာသည့်သတင်းမှာ သတင်းအမှားဖြစ်နေ

 စစ်ကောင်စီနှင့် MNDAA ကိုးကန့် အကြား ဇန်နဝါရီလ(၁၈)ရက်နေ့က တရုတ်ကြားဝင်ပေးမှုဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့၌ ဆွေးနွေးပွဲအပြီး သဘောတူညီချက်အရ လားရှိုးမြို့မှ တပ်ဆုတ်ပေးနေရသည်ဟု သတင်းများ ထွက်ပေါ်လာသည့်အပေါ် မဟုတ်မမှန်ကြောင်း လားရှိုးမြို့အုပ်ချုပ်ရေးပိုင်းက ငြင်းဆိုလိုက်သည်။

"အဲဒီသတင်းက မဟုတ်ဘူး။ လားရှိုးမြို့မှာ အကုန်ရှိနေပါတယ်။"ဟု MNDAA ၏ လားရှိုးမြို့အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့ နံနက်ပိုင်းက ပြောသည်။ 

လားရှိုးမြို့ရှိ MNDAA တပ်နှင့် နီးစပ်သူတစ်ဦးကလည်း လားရှိုးမှ ကိုးကန်(MNDAA)တပ်များ ပြန်ဆုတ်ပေးခြင်းမရှိဟု ပြောဆိုသည်။ 

"လားရှိုးသတင်းက အမှားကြီးပါ။ အထူးဒေသ(၁) လားရှိုးမြို့ အခြေအနေကောင်းပါတယ်"ဟု သူက ဆက်ပြောသည်။



ကိုးကန့်သတင်းဌာနဖြစ်သည့် The Kokaung Page တွင် အဆိုပါသတင်းများထွက်လာပြီးနောက် "မူလရည်ရွယ်ချက်ကိုမမေ့ဘဲ ရှေ့ကို ဆက်လျှောက်ပါ။ အထူးဒေသ၏ "မြို့တစ်မြို့ ၊ ခရိုင်လေးခု" နှင့် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်ကော်မတီမှ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။"ဟု ရေးသားထားသည်။ 

ထို့အပြင် လားရှိုးမြို့တွင် ပြုလုပ်သည့် တရုတ်နှစ်ကူးပွဲတော်ကို KIA၊ TNLA၊ AA တပ်ဖွဲ့ဝင်များ တက်ရောက်ကြပြီး အဆိုတော် လင်းလင်း၏ ရောင်နီတွေနဲ့တို့အတူ သီချင်းကိုလည်း ဖျော်ဖြေသည်ကို တွေ့ရသည်။

စစ်ကောင်စီနှင့် MNDAA တို့သည် ကူမင်းဆွေးနွေးပွဲ၌ အပစ်ရပ်လိုက်ကြပြီးနောက် ၁၀၂၇ စစ်ဆင်ရေးကြောင့် ပိတ်ထားသော မြန်မာ-တရုတ် နယ်စပ်ဂိတ် များကို  တရုတ်ဘက်ပြန်ဖွင့်ပေးသည့်အပြင် ကုန် စည်စီးဆင်းခွင့်ရပ်ထားသည့် ကိုးကန့်ဒေသကိုလည်း ကုန်စည်ပြန်ပို့ခွင့်ပြုလိုက်သည်။ 

စစ်ခေါင်းဆောင်သည် သူ့ကိုယ်သူ ယာယီသမ္မတအဖြစ်တင်မြောက်ပြီး (၃)ရက်အကြာ ၂၀၂၄ ခုနှစ် ဇူလိုင်လ လိုင်(၂၅)ရက်နေ့တွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကိုသိမ်း၍ လားရှိူးမြို့ MNDAA ထိန်း ချုပ်မှုအောက်ရောက်ပြီဖြစ်ကြောင်း ကြေညာသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် - ( Myanmar National Democratic Alliance Army - MNDAA )သည် ၁၀၂၇ စစ်ရေးအတွင်း လားရှိုး ကွမ်းလုံ၊ သိန္နီ၊ ဟိုပန်၊ လောက်ကိုင်၊ ကုန်ကြမ်း၊ တာမိုးညဲ၊ ချင်းရွှေဟော်၊ မုန်းကိုး စသည့်မြို့နယ်များနှင့် မြို့များကို သိမ်းပိုက်ထားသည်။