ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနိုင်ငံ မြဝတီမြို့တွင် စစ်ကောင်စီအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ခွင့်ရရှိထားသည့် ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို နှိမ်နှင်ရေးအတွက် တရုတ်အစိုးရက ထိုင်းအစိုးရနှင့်အတူ ပူးပေါင်းပြီး လုပ်ဆောင်သွားရန် သဘောတူညီလိုက်ကြပီဲးနောက် လုပ်ငန်းစဉ်များကို အကောင်ထည် ဆောင်ရွက်သွားကြတော့မည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့ရှိ ကျားဖြန့် (အွန်လိုင်းငွေလိမ်လုပ်ငန်း) နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ဖြိုခွင်းရန် ထိုင်းနိုင်ငံ ဆိုက်ဘာရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ ရဲဒုတိယဗိုလ်ချုပ်ကြီး Trirong Phiwphan နှင့် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Liu Zhongyi တို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ထိုင်းဘုရင့်တပ်မတော် ဌာနချုပ်၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံအတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်း ပြဿနာများကို ဖြေရှင်းရာတွင် ထိုင်းရဲတပ်ဖွဲ့နှင့်အတူ ပူးပေါင်းလုပ်ဆောင်လိုကြောင်း ပြောဆိုကာ ဆွေးနွေးမှုကို စတင်ခဲ့ကြသည်။
ထိုတွေ့ဆုံမှုအတွင်း တရုတ်အာဏာပိုင်များက မြန်မာနိုင်ငံ မြဝတီမြို့ရှိ ကျားဖြန့် ဖြိုခွင်းရေး လုပ်ငန်းစဥ် (၆) ခုကို အဆိုပြုခဲ့ပြီး ထိုင်းဘက်ကလည်း နောက်ထပ် လုပ်ငန်းစဥ် (၄) ခုကို အဆိုပြုခဲ့သည်။
ထိုလုပ်ငန်းစဥ်များ အားလုံးကို ဆွေးနွေးပွဲအတွင်းမှာပင် ထိုင်းနှင့်တရုတ်တို့ကြား သဘောတူညီကြကြောင်း သိရသည်။
မြဝတီမြို့ရှိ ကျားဖြန့်လုပ်ငန်းများက နိုင်ငံအများအပြားမှ လူများကို ကိုယ်ထိလက်ရောက် ညှဥ်းပန်းနှိပ်စက်မှုများရှိကြောင်း၊ မြဝတီတွင် ကျားဖြန့်လုပ်ငန်းများ လုပ်ကိုင်နေသော အရေးပါသည့် တရုတ်ဂိုဏ်း (၃၆) ဂိုဏ်းရှိပြီး လူ (၁၀၀,၀၀၀) ကျော် ပါဝင်လုပ်ကိုင်နေကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဒုဝန်ကြီးက ပြောသည်။
မကြာသေးမီက တရုတ်နိုင်ငံသားများ လိမ်လည်ခံရပြီး ကျားဖြန့်လုပ်ငန်းတွင် အလုပ်လုပ်ရန် ပို့ဆောင်ခံရကာ ရိုက်နှက်ခံခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။
ထိုင်းနှင့် တရုတ်တို့ကြား အပြန်အလှန် အဆိုပြုပြီး သဘောတူညီခဲ့ကြသည့် မြဝတီမြို့ရှိ ကျားဖြန့် နှိမ်နင်းရေး လုပ်ငန်းစဥ်များမှာ အောက်ပါအတိုင်း ဖြစ်သည်။
တရုတ်ဘက်မှ အဆိုပြုခဲ့သည့် လုပ်ငန်းစဥ် (၆) ခု
- ၁။ လူကုန်ကူးမှုနှင့် ဆက်နွယ်နေသော မြဝတီရှိ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရေး ထိုလုပ်ငန်းများ၏ သတင်းအချက်အလက်များကို မျှဝေရန်နှင့် ထိုင်းနိုင်ငံတွင် နေထိုင်သော ကျားဖြန့်ခေါင်းဆောင်ပိုင်းကို အမြန်ဆုံး ဖမ်းဆီးရေး ထိုင်းအစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်ရန်။
- ၂။ မြဝတီကနေ ပြန်လည်ကယ်ထုတ်ခဲ့ရသည့် တရုတ်မင်းသား ဝမ်ရှင်း (Wang Xing) လူကုန်ကူးခံရသည့်ကိစ္စ ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံတွင် ထိုကိစ္စနှင့် ဆက်စပ်၍ သံသယရှိသူ တရုတ်နိုင်ငံသား (၂၀) ဦး ကျန်ရှိနေသေးပြီး ၎င်းတို့ကို ဖမ်းဆီးကာ တရုတ်သို့ ပြန့်ပို့ရန်။
- ၃။ မြန်မာနိုင်ငံ ပြည်နယ် (၃) ခုတွင် ထိန်းသိမ်းခံထားရသူများကို ရှာဖွေဖော်ထုတ်ရေး နည်းပညာဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန်နှင့် ၎င်းတို့ကို အမြန်ပြန်လွှတ်ပေးရေး ဖိအားပေးရန်နှင့် ထိုင်းဘက်ကနေ မြဝတီကို ပေးထားသော လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရန်။
- ၄။ ရာဇဝတ်ဂိုဏ်းများကို တားဆီးရန်အတွက် လူနှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး နယ်စပ်ဂိတ်များကို ပိတ်ရန်နှင့် ရာဇဝတ်ဂိုဏ်းများ အသုံးပြုနိုင်သည့် နေရာနှင့် အရင်းအမြစ်များကို လျှော့ချရန်။
- ၅။ ကျားဖြန့်နှိမ်နင်းရေး တရုတ်နှင့် ထိုင်း နှစ်နိုင်ငံမှ စုံစမ်းစစ်ဆေးရေး အရာရှိများ အတူတကွ အလုပ်လုပ်ကိုင်နိုင်ရန် ညှိနှိုင်းရေးစင်တာ ဖွင့်လှစ်ထားရှိပြီး ဥပဒေစိုးမိုးရေးတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်။
- ၆။ ထိုင်းနိုင်ငံရှိ ရာဇဝတ်သားများကို ဖမ်းဆီးရာတွင် ပို၍ ထိထိရောက်ရောက် လုပ်ဆောင်ပြီး ထိုင်းနိုင်ငံတွင် ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ နိုင်ငံအများအပြား၏ စိုးရိမ်မှုများကို ဖြေရှင်းရန်နှင့် လူထုယုံကြည်မှု တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်။
ထိုင်းဘက်မှ အဆိုပြုခဲ့သည့် လုပ်ငန်းစဥ် (၄) ခု
- ၁။ ထိုင်းဘုရင့်တပ်မတော်နှင့် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့ကြား ကျားဖြန့်ငွေလိမ်လုပ်ငန်းများ၏ လိမ်လည်မှုပုံစံများကို ဖလှယ်ရန်
- ၂။ နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများကို နှိမ်နင်းရာတွင် တရုတ်ဘက်မှ ပူးပေါင်းဆောင်ရွက်ရန်။
- ၃။ ကျားဖြန့်လုပ်ငန်းများ၏ ငွေကြေးလွှဲပြောင်းမှုများနှင့် ပိုင်ဆိုင်မှုများကို ထိန်းချုပ်ရန်နှင့် သတင်းအချက်အလက် ဖလှယ်ရန်။
- ၄။ ကျားဖြန့် ပြဿနာ ဖြေရှင်းရေး အစည်းအဝေးတစ်ရပ် စီစဥ်ကျင်းပပြီး တရုတ်က ဒေသတွင် အစည်းအဝေးများကို ဦးဆောင်ရန်နှင့် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့ကို ဖိတ်ကြားရန်။