မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုလုပ်နေခြင်းကြောင့် ဒေသခံများ နှင့် အဆင်မပြေ

မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုလုပ်နေခြင်းကြောင့် ဒေသခံများ နှင့် အဆင်မပြေ
ဇန်နဝါရီ 28, 2025 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် သည် လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုလုပ်နေခြင်းကြောင့် ဒေသခံပြည်သူများ နှင့် အဆင်မပြေမှုများစွာ ဖြစ်ပေါ်နေကြောင်း သိရသည်။

"ဒီလူကို မိုင်းဆတ်မြို့မှာ ရင့်သီးကြမ်းတမ်းတဲ့လူလို့ သတ်မှတ်ထားကြတာ။ အရင့်အရင် မြို့နယ်အုပ်ချုပ်ရေးမှူးတွေတုန်းက သူ့လောက်မဆိုးပါဘူးဗျာ။ သူကတော့ လုပ်ပိုင်ခွင့်အာဏာကို တလွဲသုံးပြီး ခြိမ်းခြောက်ပြောဆိုတာတွေ အတော်လေး လုပ်တယ်။ သူပြောတာ မလိုက်နာရင် အရေးယူမယ်တို့ ဆိုင်ဆိုရင်လည်း ပိတ်ပစ်မယ်တို့ ပြောပြီး ခြိမ်းခြောက်တာ အရမ်းများနေတယ်။ တပ်မြို့လိုလည်း ဖြစ်နေသလို မြို့လေးကလည်း ကျဉ်းတော့ တော်တော်များများကလည်း အသံမထွက်ရဲကြဘူး။"ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၈)ရက်နေ့တွင် ပြောသည်။



မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်သည် မိုင်းဆတ်မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး အချို့ကို ခြိမ်းခြောက်ပြောဆိုကာ အနိုင်ထက်ပြုကျင့်ခြင်း၊ နေအိမ်ခြံဝန်းများတွင် ပိုင်ရှင်က သသဘောမတူဘဲ အတင်းအဓမ္မ လမ်းဖောက်ခြင်းများ အပြင် မြို့တွင်း ဈေးဆိုင်နှင့်ကွန်ပျူတာဆိုင် အချို့တွင် ရုံးအတွက် လုပ်ငန်းလုပ်ပြီးပါက ငွေကို အလွယ်တကူ မပေးခြင်းများ ပြုမှုလေ့ရှိကြောင်း သိရသည်။

"ဟုတ်တယ်ဗျ၊ လက်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က ဒေသတွင်းမှာ အပုတ်နံ့အတော်လေး ထွက်နေတယ်။ လမ်းဖောက်တဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လည်း နေအိမ်ပိုင်ရှင်တွေက သူ့ခြံဝန်းကို ဖြတ်ပြီး လမ်းလုပ်မဲ့ကိစ္စကို သဘောမတူဘဲ ကန့်ကွက်ကြတဲ့အတွက် မြို့နယ်အုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ မလျော်ညီဘဲ ကြမ်းကြမ်းတမ်းတမ်းပြောဆို ကြိမ်းမောင်းတယ်။ အဲ့လောက် စိတ်ကြမ်းတဲ့လူ ဘယ်လို လုပ် မြို့နယ်အုပ်ချုပ်ရေးမှူး ဖြစ်လာသလဲမသိဘူး"ဟု နောက်ထပ် ဒေသခံ တစ်ဦးကလည်း ပြောပြသည်။



မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် နှင့် ၎င်း၏ ဇနီးတို့သည် မိုင်းဆတ်တွင် ပိုင်ဆိုင်ထားသည့် မြေကွက်များအနက် လယ်မြေတစ်ခုအတွက် လယ်မြေအတွင်း စိုက်ပျိုးရေး ရေရရှိရေးကို ရွာသားများအား ဖိအားပေးကာ လုပ်ဆောင်ခိုင်းပြီး ရေများကိုလည်း ၎င်း၏ လယ်မြေတွင် အရင်ဆုံးရရှိရန် စီမံထားသည့်အတွက် အခြား တောင်သူများ၏ လယ်မြေများသို့ ရေရရှိမှာလည်း အခက်အခဲများရှိလာနိုင်ကြောင်းလည်း သိရသည်။

"မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန် က ဒီမှာ တာဝန်ကျနေတာ (၃)နှစ်ကျော်လို့ (၄)နှစ်ထဲ ဝင်လာပြီ သူက တိုင်းရင်းသားတစ်ယောက်လည်း ဖြစ်တော့ ဒေသအတွက် အကျိုးရှိမယ်ထင်ခဲ့ မြင်ခဲ့တာ ကြာလေ ကြာလေ အဆင်မပြေမှုတွေက ပိုများလာတယ်။ အောက်ခြေက အခြေအနေတွေကို အထက်လူကြီးတွေ မြင်စေချင် ကြားစေချင်ပါတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်ကဲ့သို့ပင် ၎င်း၏ အထက်အရာရှိဖြစ်သည့် မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးမှာလည်း ဒေသအတွင်း ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး ရပ်ကွက်နှင့်ကျေးရွာများတွင် လောင်းကစားဝိုင်းများကို ငွေကြေးရယူကာ ခွင့်ပြုပေးနေသည့်အတွက် သတင်းဆိုးထွက်ပေါ်နေသူ တစ်ဦးလည်း ဖြစ်သည်။