TikTok ကို ဝယ်ယူရေးကိစ္စ လူအတော်များများနှင့် ဆွေးနွေးပြောဆိုနေပြီး လာမည့် ရက် (၃၀) အတွင်း လူသုံးများသော အဆိုပါ အက်ပလီကေးရှင်း၏ အနာဂတ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်တစ်ခု ရှိလာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားထားသည်။
"TikTok အကြောင်း လူအတော်များများကို ကျွန်တော် ပြောခဲ့ပြီး TikTok ကို အတော်လေး စိတ်ဝင်စားကြတယ်" ဟု ၂၀၂၅ခုနှစ် ဇန်နဝါရီလ၏ စတုတ္တပတ်အတွင်း ဖလော်ရီဒါပြည်နယ် ခရီးစဥ်အတွင်း Air Force One လေယာဥ်ပေါ်တွင် သမ္မတထရမ့်က သတင်းထောက်များကို ပြောခဲ့သည်။
ဆွေးနွေးပြောဆိုမှုများကို သိရှိထားသူ (၂) ဦး၏ အဆိုအရ ထရမ့်အစိုးရက TikTok ကို ကယ်တင်ရေး အစီအစဥ်တစ်ခု လုပ်ဆောင်နေပြီး အက်ပလီကေးရှင်း၏ လုပ်ငန်းများအပေါ် ထိထိရောက်ရောက် ထိန်းချုပ်ရန် software ကုမ္ပဏီ Oracle နှင့် ပြင်ပ ရင်းနှီးမြှုပ်နှံသူများ ထိုအစီအစဥ်တွင် ပါဝင်ကြောင်း Reuters သတင်းက ဖော်ပြထားသည်။
အိမ်ဖြူတော်က ညှိနှိုင်းနေသည့် သဘောတူညီမှုအရ TikTok ၏ ပိုင်ရှင် တရုတ်အခြေစိုက် ByteDance က ကုမ္ပဏီတွင် အစုရှယ်ယာ ဆက်ရှိနေမည်ဖြစ်သော်လည်း အချက်အလက် စုဆောင်းမှုနှင့် software မွမ်းမံပြင်ဆင်မှုများကို Oracle က ကြီးကြပ်မည်ဟု ဆိုသည်။
သို့သော် Air Force One ပေါ်တွင် သမ္မတထရမ့်က သတင်းထောက်များကို ပြောကြားမှုအရမူ TikTok ဝယ်ယူရေးနှင့် ပတ်သက်၍ Oracle တည်ထောင်သူ Larry Ellison နှင့် ဆွေးနွေးပြောဆိုမှု မရှိခဲ့ကြောင်း သိရသည်။
"Oracle နဲ့ ပြောခဲ့တာ မဟုတ်ပါဘူး။ TikTok ကိုဝယ်ဖို့ကိစ္စနဲ့ ပတ်သက်ပြီး လူအတော်များများက ကျွန်တော့်ကို ပြောနေပါတယ်။ လာမယ့် ရက် (၃၀) အတွင်း ကျွန်တော် ဆုံးဖြတ်သွားပါမယ်။ ကွန်ဂရက်က ရက် (၉၀) အချိန်ပေးထားတယ်။ ကျွန်တော်တို့ TikTok ကို ကယ်နိုင်ရင် ဒါက ကောင်းတဲ့အရာ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ်" ဟု ထရမ့်က ပြောသည်။
အမေရိကန်တွင် TikTok အသုံးပြုသူ သန်း (၁၇၀) ရှိကြောင်း သိရသည်။
Source: Reuters