တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်

တောင်သာမြို့နယ် ဝဲလောင်တိုက်နယ်ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်

မန္တလေးတိုင်း မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်းရှိ ဝဲလောင်တိုက်နယ်ရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ၀င်ရောက်တိုက်ခိုက်ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (TTA-PDF) ထံမှ သိရသည်။

တောင်သာမြို့နယ်အတွင်း စစ်တပ်၊ ရဲနှင့် ပျူစောထီး အင်အား (၆၀)ခန့်ဖြင့် အထိုင်ချထားသည့် ဝဲလောင်တိုက်နယ်ရဲစခန်းအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၁)ရက်နေ့ နေ့လယ် (၂)နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဝဲလောင်စခန်းအနီးဝန်းကျင်အထိ ၀န်းရံပိတ်ဆို့ တိုက်ခိုက်နိုင်သော်လည်း ဆက်သွယ်ရေးတူးမြောင်းများ ၊ ဘန်ကာ ကတုတ်ကျင်းများဖြင့် အခိုင်အမာ ခံစစ်ပြင်ထားခြင်း ၊ ဂျက်ဖိုက်တာ ၊ Mi-35 တို့ဖြင့် လေကြောင်းပစ်ကူပေးခြင်းတို့ကြောင်း စခန်းမသိမ်းနိုင်ခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား (၃)ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပါ။ 

အဆိုပါ တိုက်ခိုက်မှုအား တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ် (၃)တို့ ပူးပေါင်း ဦးဆောင်၍ မိတ္ထီလာ ပကဖ ၊ နေပြည်တော် ၈၀၁ တပ်ရင်း ၊ မိုးမခ ပြောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:TTA-PDF