မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများအပေါ် စစ်ကောင်စီကျူးလွန်နေသည့် ရာဇ၀တ်မှုများအား နိုင်ငံတကာအနေဖြင့် အမြန်ဆုံးတားဆီး အရေးယူပေးရန် NUG ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများအပေါ် စစ်ကောင်စီကျူးလွန်နေသည့် ရာဇ၀တ်မှုများအား နိုင်ငံတကာအနေဖြင့် အမြန်ဆုံးတားဆီး အရေးယူပေးရန် NUG ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများအပေါ် စစ်ကောင်စီကျူးလွန်နေသည့် ရာဇ၀တ်မှုများအား နိုင်ငံတကာအနေဖြင့် အမြန်ဆုံးတားဆီး အရေးယူပေးရန် အထူးလိုအပ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် ပြည်သူများအပေါ် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို နိုင်ငံတကာအနေဖြင့် လစ်လျူရှုမထားဘဲ ဖြစ်နိုင်သမျှနည်းလမ်းများအသုံးပြု၍ အမြန်ဆုံး အရေးယူရန်နှင့် ထိခိုက်ခံစားနေရသည့် မြန်မာပြည်သူတို့ဘက်၌ စာနာရပ်တည်ပေးရန်  အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီသည် ကျောက်မဲမြို့ရှိ ပြည်သူ့ ဆေးရုံအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း CDM သူနာပြု (၁)ဦး၊ CDM ရုံးဝန်ထမ်း (၁) ဦး၊ အရပ်သား (၁) ဦး၊ စုစုပေါင်း (၃) ဦး သေဆုံးခဲ့ရပြီး ဆေးရုံဝန်ထမ်းများ၊ CDM ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအပါအဝင် အရပ်သား (၂၀)ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ကျောက်မဲပြည်သူ့ဆေးရုံတစ်ခုလုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့အပြင် ဇန်နဝါရီလ (၂၂)ရက်နေ့ ညပိုင်းတွင်လည်း စစ်ကောင်စီသည် ဖားအံမြို့နယ် ဟတလက် (ဟာတရယ်) ကျေးနယ်အုပ်စု ဖလံတောင်ဆေးရုံကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံထိခိုက်ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် လူနာများ အချိန်မီရှောင်တိမ်းနိုင်ခဲ့၍ အသက်အန္တရာယ် ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီး (၄)နှစ်နီးပါး ကာလအတွင်း စစ်ကောင်စီတပ်၏ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြသည်။

သေဆုံးသွားသည့် CDM ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများ၏ မိသားစုများနှင့်ထပ်တူ အထူးကြေကွဲဝမ်းနည်းရပြီး စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးသည်။

သေဆုံးထိခိုက်ခဲ့ရသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကာ စစ်ကောင်စီတပ်နှင့် လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူများအနေဖြင့် ၎င်းတို့၏ လုပ်ရပ်များကို ရပ်တန်းကရပ်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းအသိပေးထားသည်။

#TachileikNewsAgency

#TNA_LE

Photo:ကျောက်မဲ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့စဥ်(ပုံဟောင်း)