ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဓာတုအဆိပ်ပါဝင်သည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဓာတုအဆိပ်ပါဝင်သည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဓာတုအဆိပ်ပါဝင်သည့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာန ထံမှ သိရသည်။

စစ်ကောင်စီသည် ဆီဆိုင်မြို့နယ်အရှေ့ဘက်ခြမ်းရှိ ပအိုဝ်းကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေရာ သာမန်လက်နက်ကြီးကျည်များသာမက အဆိပ်ပါဝင်သည့် လက်နက်ကြီးကျည်များဖြင့်ပါ ကျေးရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

ယမန်နေ့ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည် တစ်လုံးကို PNLA က တူးဖော်ရရှိခဲ့ပြီး လက်နက်ကြီးကျည်ပေါ်တွင် အဆိပ်ဟု ရေးသားထားကာ၊ အဆိပ်ထွက်ပေါက်များပါ ပါဝင်သည်ကို တွေ့ရှိရသည်ဟု PNLA က ဆိုသည်။

“ဒါကတော့ ကျနော်တို့ တူးဖော်ရရှိတဲ့ တစ်လုံးပေါ့နော်။ သူတို့ အဆိပ်သုံးလာတာကတော့ အလုံးပေါင်းများစွာရှိပါတယ်။ ဒါကတော့ မကွဲလို့ ကျနော်တို့ တူးဖော်ရရှိတဲ့ တစ်လုံးပါ။ ကျနော်တို့ ရဲဘော်တွေ အဲ့ဒီ့အဆိပ်ငွေ့တွေ ရှူမိလို့ အပြင်းအထန် ဖျားနာတာတွေ အရေပြားယားယံတာတွေ စတဲ့ လက္ခဏာတွေ ခံစားရတဲ့ ရဲဘော်တွေလည်း ရှိပါတယ်။”ဟု PNLA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ရှိသူ ခွန်းရိမ်းယံက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီတပ်မှ အဆိပ်ဗုံး၊ အဆိပ်ကျည်များအား ပြောင်ပြောင်တင်းတင်း အသုံးပြုလာခြင်းသည် လူသားမျိုးနွယ်အပေါ် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။ 

“ဒါတွေက စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်က ပအိုဝ်းလူမျိုးတွေကို အဆိပ်နဲ့ သတ်ဖို့ ကြိုးစားနေတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလိုမျိုး အဆိပ်ကျည်တွေပေါင်းများစွာကို ပအိုဝ်းကျေးရွာတွေထဲကို ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထုတွေနေထိုင်တဲ့ ဒေသ ၊ ပြည်သူလူထုတွေရဲ့ ကျေးရွာတွေကို မီးလောင်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်တာ အဆိပ်နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်တွေက ပြောင်ပြောင်တင်းတင်း လူသားအပေါ် ရာဇ၀တ်မှု ကျူးလွန်နေတာကို နိုင်ငံတကာ၊ ကမ္ဘာ့ကုလသမ္မဂ အဖွဲ့အစည်းတွေက ဒီအတိုင်း မျက်စိပိတ်၊ နားပိတ် နေနေတာကိုလည်း အင်မတန်မှ အံသြနေရပါတယ်။”ဟု ခွန်းရိမ်းယံက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်မှ အင်အား (၇၀၀) ကျော်ဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် ဆီဆိုင်မြို့နယ်တွင် နေ့စဉ်တိုက်ပွဲပြင်းထန်လျက်ရှိကြောင်း သိရသည်။

ထိုးစစ်ဆင်လာသည့် စစ်ကောင်စီအင်အား (၇၀၀) ကျော်တွင် (၂၀၀) ထက်မနည်းကို ခုခံချေမှုန်းတိုက်ခိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီသည် ပအိုဝ်းပြည်သူများအား ပေါ်တာဆွဲပြီး လူသားဒိုင်းအဖြစ်ပြုလုပ်ကာ အင်အားဖြည့်တင်း၍ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း PNLA က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ဆီဆိုင်မြို့နယ် အရှေ့ခြမ်းရှိ ပအိုဝ်းကျေးရွာများကို တိုက်လေယာဉ်ဖြင့် နေ့စဥ် ဗုံးကြဲတိုက်ခိုက်နေပြီး ဇန်နဝါရီလ (၂၂)ရက်နေ့တွင် (၄)ကြိမ် ၊ ဇန်နဝါရီလ (၂၃) ရက်နေ့တွင် (၂)ကြိမ်နှင့် ယမန်နေ့ ဇန်နဝါရီလ (၂၄)ရက်နေ့တွင် (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်တို့၏ တိုက်ခိုက်မှုကြောင့် ပအိုဝ်းကျေးရွာများမှ ပြည်သူလူထု လေးထောင်ကျော်မှာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုကြောင့် ဆီဆိုင်မြို့နယ် ထီစုံကျေးရွာမှ နေအိမ် (၆၀)ကျော် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:PNLA News & Information Department