အမေရိကန်နိုင်ငံတွင် သမ္မတဒေါ်နယ်ထရမ့်က လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သိသာထင်ရှားသည့် မူဝါဒ အပြောင်းအလဲများ လုပ်ဆောင်ရန် သမ္မတအမိန့်ညွှန်ကြားချက် လက်မှတ်ရေးထိုးလိုက်ပြီးနောက် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန (ICE - U.S. Immigration and Customs Enforcemen) က ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတဝန်း ပြည်နယ်အသီးသီးတွင် ရှာဖွေစီးနင်း ဖမ်းဆီးမှုများ စတင်လုပ်ဆောင်လာကြောင်း သိရသည်။
ICE ၏ နိုင်ငံတဝန်း (၃၃) နာရီကြာ စစ်ဆင်ရေးအတွင်း လိင်ပိုင်းဆိုင်ရာကျူးလွန်မှုနှင့် အိမ်တွင်းအကြိမ်းဖက်မှုကဲ့သို့ ပြစ်မှုများ အပါအဝင် ရာဇဝတ်ပြစ်မှု မှတ်တမ်းရှိသည့် အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူများကို အဓိက ပစ်မှတ်ထားခဲ့ခြင်းဖြစ်ပြီး လူ (၄၆၀) ဦးကို ဖမ်းဆီးခဲ့သည်။
ICE က အီလီနွိုက်စ်၊ ယူတား၊ ကယ်လီဖိုးနီးယား၊ မင်နီဆိုးတား၊ နယူးယော့ခ်၊ နယူးဂျာစီ၊ ဖလော်ရီဒါနှင့် မေရီလန်း အပါအဝင် ပြည်နယ်အများအပြားတွင် ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။
ထို့အပြင် လူသတ်မှု၊ ပြန်ပေးဆွဲမှုနှင့် လုယက်မှုကဲ့သို့ ကြီးလေးသော ပြစ်မှုများနှင့် စွဲချက်တင်ပြီး ထိန်းသိမ်းထားသော အထောက်အထားမဲ့ နေထိုင်သူ အကျဥ်းသား (၄၂၀) ကျော်ကို ပြန်လွှတ်ပေးသည့်အခါ အကြောင်းကြားရန်လည်း ICE က သက်ဆိုင်ရာ ဌာနများထံ ပြောထားကြောင်း သိရသည်။
ဒေါ်နယ်ထရမ့်က နိုင်ငံအတွင်း တရားမဝင် အထောက်အထားမဲ့ နေထိုင်သူများကို စာသင်ကျောင်း နှင့် ဘုရားကျောင်းများတွင်ပါ မချန် ဝင်ရောက် ရှာဖွေ ဖမ်းဆီးခွင့်လည်း ပြုထားသည်။
ရွှေ့ပြောင်းနေထိုင်သူများအရေး သဘောထားတင်းမာသူ သမ္မတထရမ့်က မက္ကစီကိုနိုင်ငံနှင့် ထိစပ်နေသည့် အမေရိကန်နိုင်ငံ တောင်ပိုင်းနယ်စပ်တွင်လည်း အရေးပေါ်အခြေအနေ ထုတ်ပြန်ကာ ထောင်နှင့်ချီသော စစ်သားများကို စေလွှတ်ထားသည်။
ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မူဝါဒ အပြောင်းအလဲ ချက်ချင်း အသက်ဝင် လုပ်ဆောင်လာမှုကြောင့် အမေရိကန်သို့ ရွှေ့ပြောင်းနေထိုင်ရန် ကြိုးစားနေသူ ထောင်နှင့်ချီ သောင်တင်နေကြောင်း သိရသည်။
Source: FOX