တာချီလိတ်မြို့နှင့် အနီးဆုံး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နယ်၊ ကော်ချန့်ဒေသအတွင်း မြန်မာဘက်က မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် (၅)မိနစ်အကြာ ပစ်ခတ်မှု ဖြစ်ပြီးနောက် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၈)သိန်းကို ထိုင်းစစ်တပ် ပါဝင်သည့် ပူးပေါင်းအဖွဲ့က သိမ်းဆည်းရရှိလိုက်ကြောင်း သိရသည်။
တာချီလိတ်မြို့ မိုင်းဖုန်းကျေးရွာအုပ်စုတွင်းကနေ မယ်ဆိုင်မြို့နယ်အတွင်း ကော်ချန့်၊ ဆန်နာကျေးရွာဘက်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည့် အဖွဲ့နှင့် ထိုင်းစစ်တပ်ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၂၂)ရက်နေ့ နံနက်(၅)နာရီ ဝန်းကျင်အချိန်က ပစ်ခတ်မှု ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။
မယ်ဆိုင်မြို့နယ် ကော်ချန့်ဒေသအတွင်း မြန်မာ - ထိုင်း နယ်စပ်ချောင်းတလျှောက် ထိုင်းစစ်တပ် အပါအဝင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ခွဲ(၄)မှ တပ်ဖွဲ့များနှင့် ပူးပေါင်းအဖွဲ့တို့က နံနက်(၅)နာရီ ဝန်းကျင်တွင် အလှည့်ကျ ကင်းလှည့်မှုများ ပြုလုပ်နေချိန် နယ်စပ်ချောင်းနှင့် (၁)ကီလိုမီတာ ဝန်းကျင်၌ အထုတ်များ ထမ်းပိုး သယ်ဆောင်လာသည့် (၈)ဦးမှ (၁၀)ဦးဝန်းကျင်ရှိသည့် အဖွဲ့အား တွေ့ရှိ၍ တားဆီးရာမှ (၅)မိနစ်ဝန်းကျင်အကြာ ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများကို သယ်ဆောင်လာသူများမှာ ချောင်းကိုကူး၍ တဖက်သို့ ပြန်လည် ထွက်ပြေးသွားကြကြောင်း သိရသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းဘက်က အဖွဲ့ (၂)ဖွဲ့ခွဲပြီး နေရာဖြန့်ကျက်ကာ ရှာဖွေမှုများ ပြုလုပ်ရာ ကနဦးတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ထည့်ထားသည့် ဆာလာအိတ်(၄)အိတ်ကို တွေ့ရှိရပြီး ဆာလာအိတ်များထဲတွင် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း (၈)သိန်း တွေ့ရှိရ၍ သိမ်းဆည်းခဲ့ကြကြောင်း သိရသည်။
နယ်စပ်ချောင်းတလျှောက် ရှာဖွေမှုများအတွင်း ကနဦးတွင် မူးယစ်ဆေးဝါး ဆာလာအိတ်(၂)အိတ်ကို တွေ့ရပြီး အနီးဝန်းကျင် နေရာ(၂)နေရာတွင် ဆာလာအိတ်နောက်ထပ် (၂)အိတ်တွေ့ရသည့်အတွက် စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား (၈)သိန်း ပါဝင်ခြင်း ဖြစ်ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေရာသို့ ထိုင်းနိုင်ငံ ဖာမိန်းတပ်ဖွဲ့ နှင့် ပူးပေါင်းအဖွဲ့တို့ နံနက်(၆)နာရီခွဲတွင် သွားရောက်ခဲ့ကြပြီး ဖာမိန်းတပ်ဖွဲ့၏ အကြီးအကဲက ကော်ချန့်ဒေသအတွင်း ဆက်လက်ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာမှုများ မရှိစေရေးအတွက် အရှိန်အဟုန်တိုးမြှင့်ကာ ဆောင်ရွက်ကြရန် ညွှန်ကြားသွားကြောင်း သိရသည်။
Photo: Pha Muang Force