တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့မှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်က ယနေ့ နေ့လယ်ပိုင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုအတွင်း လက်ဖက်ရည်ဆိုင်ပိုင်ရှင်နှင့်မိသားစုဝင်တချို့အပါအဝင် (၈)ဦးသေဆုံးသည်ဟု ဒေသခံများထံမှ သိရသည်။
နောင်ချိုမြို့ သစ္စာဦးမုန့်ဆိုင်ရှေ့ရှိ ပါရမီ(၂)လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့ နေ့လယ်(၁၂)နာရီဝန်းကျင်တွင် ဗုံး(၂)လုံးကြဲချတိုက်ခိုက်ခြင်းဖြစ်သည်။
ပါရမီ(၂)လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ကိုစီပေး။ ထောင်ကနေ လွတ်လာတာမကြာသေးဘူး။ နိုင်ငံရေး အကျဉ်းသားပဲ။ သူနဲ့ သူ့ခယ်မ၊ ချွေးမပါသွားတယ်။
ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။
ဗုံးကြဲခံရသဖြင့် ဆိုင်ရှင် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်သူ ကိုစီပေးနှင့် မိသားစုဝင်များဖြစ်ကြသည့် ၎င်း၏ခယ်မ၊ ချွေးမတို့အပြင် ဆိုင်တွင် အလုပ်လုပ်သည့် အမျိုးသမီးငယ်တစ်ဦးနှင့် ဧည့်သည်အချို့လည်း သေဆုံးသွားကြောင်း သိရသည်။
သေဆုံးကသူတွေ နာမည်နဲ့တကွ အတိအကျမသိရသေးဘူး။ သေဆုံးသူ ကိုဖိုးသာအောင်ဆိုရင် ခေါင်းပြတ်သွားတယ်။
ဟု ဒေသခံတစ်ဦးကလည်း Tachileik News Agency ကိုပြောသည်။
နောင်ချိုမြို့လယ်ရှိ အဆိုပါလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ဗုံးကြဲချချိန်တွင် ဆိုင်ထိုင်သောက်နေသည့် ဧည့်သည်များရှိနေချိန်ဖြစ်ပြီး ဆိုင်ပေါ်တည့်တည့် ကြဲချတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယမန်နေ့ကလည်း စစ်ကောင်စီသည် နောင်ချို့မြို့ အထွေထွေအုပ်ချုပ်ရေးရုံးအနီးနှင့် စည်ပင်သာယာရုံးတို့ကို လေကြောင်းမှ ဗုံးကြဲချ၍ အ ရပ်သားတစ်ဦး သေဆုံးပြီး (၂)ဦး ဒဏ်ရာရခဲ့သည်။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားသည့်နယ်မြေများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်တိုင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ရာတွင် အရပ်သားနေရာများကို ပစ်မှတ်ထား တိုက်ခိုက်နေသည်ကို တွေ့ရသည်။
ယင်းအပြင် စစ်ကောင်စီတပ်များသည် ၎င်းတို့လက်လှမ်းမီရာနေရာတွင် အထိုင်ချတပ်များမှနေ၍ ၎င်းတို့ဆုံးရှုံးထားသည့် နယ်မြေများဘက်သို့ လက်နက်ကြီးပစ်ခတ်မှုများကိုလည်း လုပ်နေသည်ကိုတွေ့ရပြီး နောင်ချိုကိုလည်း ညောင်ထောက်၊ ဝက်ဝံနှင့် ဧက(၁၀၀၀၀)ဘက်ရှိ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၁)နှင့် အပိုင်း(၂)အတွင်း မဟာမိတ်တော်လှန်ရေးအဖွဲ့မှ နယ်မြေအများအပြားကို သိမ်းယူနိုင်ခဲ့ပြီး မဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် PSLF/TNLA က နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် သီပေါ စုစုပေါင်း မြို့နယ်(၁၂)ကို သိမ်းယူကာ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ယူထားခြင်းဖြစ်သည်။
TNLA သည် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် အသင့်ရှိကြောင်း ထုတ်ပြန်ထားပြီး ၎င်းတို့၏ မဟာမိတ် MNDAA နှင့် စစ်ကောင်စီတို့ကြား ယခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့ကစတင်ကာ အပစ်ရပ်ရန် တရုတ်နိုင်ငံတွင် သဘောတူလက်မှတ်ရေးထိုးထားပြီးဖြစ်သည်။