ပလမြို့ ရဲစခန်းကုန်းအား တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ပလမြို့ ရဲစခန်းကုန်းအား တော်လှန်ရေးတပ်ဖွဲ့များ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင် ပုလောမြို့နယ်ရှိ ပလမြို့ ရဲစခန်းကုန်းအား တော်လှန်ရေးတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။

အနီးဝန်းကျင်ရှိ ဇရပ်ဆိပ်ကျေးရွာနှင့် ဘိုင်းပြင်ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေလေ့ရှိသည့် အဆိုပါ ရဲစခန်းကုန်းတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ဖွဲ့အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဒရုန်းဖြင့် (၅)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စခန်းကုန်း၏ ပတ်လည်ရှိ မိုင်းကွင်းဧရိယာ ပေါက်ကွဲမီးလောင်သွားကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထုတ်ပြန်သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။

ယင်းတိုက်ခိုက်မှုအား NUG ၏ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် မြိတ်ခရိုင် PDF တပ်ရင်း (၁)တို့ ပူးပေါင်းလုပ်ဆောင်ကြခြင်းဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့—ပုလော ပကဖ