စစ်ကောင်စီ အလိုကျ ပအိုဝ်းအချင်းချင်း သတ်ဖြတ်နေသည့် PNO ပြည်သူ့စစ်အဖွဲ့က PNLA တပ်ဖွဲ့ဝင် (၅)ဦးကို ဖမ်းဆီး သတ်ဖြတ်

စစ်ကောင်စီ အလိုကျ ပအိုဝ်းအချင်းချင်း သတ်ဖြတ်နေသည့် PNO ပြည်သူ့စစ်အဖွဲ့က PNLA တပ်ဖွဲ့ဝင် (၅)ဦးကို ဖမ်းဆီး သတ်ဖြတ်

 အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ပအိုဝ်းအချင်းချင်း သတ်ဖြတ်သည့်အနေဖြင့် တိုက်ပွဲအတွင်း ဖမ်းမိသည့်  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)၏ တပ်ဖွဲ့ဝင်(၅)ဦးကို ညှင်းပမ်းနှိပ်စက်ကာ သတ်ဖြတ်လိုက်ကြောင်း သိရသည်။

စစ်ကောင်စီတပ် အပါအဝင် ၎င်းတို့၏ လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ ပူးပေါင်း စစ်ကြောင်း နှင့် စစ်အာဏာရှင်ကို တိုက်ခိုက်နေသည့် PNLA တို့သည် ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၂)ရက်နေ့က ဆီဆိုင်မြို့နယ်အတွင်း ထီစုံကျေးရွာအနီးတွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကြောင်းမှူးတစ်ဦး အပါအဝင် (၂၀)ဦးထက် မနည်းသေကာ PNLA တပ်ဖွဲ့ဘက်မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးပြီး (၅)ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ 

ဖမ်းဆီးခံရသည့် PNLA တပ်ဖွဲ့ဝင် (၅)ဦးနှင့် ပတ်သက်ပြီး  ၂၀၂၅ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်တွင်  PNO ၏ သတင်းထုတ်ပြန်ချက်၌ အသက်ရှင်လျက်ဖြင့် တွေ့ရသော်လည်း ညနေပိုင်းတွင် PNLA တပ်ဖွဲ့ဝင် (၅)ဦးအား ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ထားသည့် ပုံကို သတင်းထုတ်ပြန်လာကြောင်း သိရသည်။

"မိမိတို့ PNLA တပ်ဖွဲ့သည် စစ်အာဏာရှင်စနစ်အား တိုက်ခိုက်နေသည့် တိုက်ပွဲများအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်များကို နှိပ်စက် သတ်ဖြတ်ခြင်းများ မပြုလုပ်ခဲ့ဘဲ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားခဲ့သော်လည်း PNO ပြည်သူ့စစ်က ဖမ်းဆီးခံရသည့် မိမိတို့ တပ်ဖွဲ့ဝင် (၅)ဦးကို ရက်စက်စွာ နှိပ်စက် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။"ဟု PNLA က သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



စစ်ကောင်စီ၏ အသုံးချခံ PNO အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ကလည်း ရွာအလည်ပြန်သည့် PNLA တပ်ဖွဲ့ဝင် (၅)ဦးကို  ဖမ်းဆီးသတ်ဖြတ်သည့် ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

"ပအိုဝ်းလူမျိုး အချင်းချင်းသည် မိမိတို့၏ ရန်သူမဟုတ်ပါ ။ စစ်အာဏာရှင်စနစ်သည်သာ တတိုင်းပြည်လုံး၏ ရန်သူဖြစ်သည်။"ဟုလည်း ထုတ်ပြန်ထားသည်။