ကယားပြည်နယ် ဘောလခဲခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ဝမ်မလန်းစခန်းကုန်းသို့ ရိက္ခာလာပို့သည့် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်-BPDF ထံမှ သိရသည်။
ဝမ်မလန်းစခန်းကုန်းသို့ ရိက္ခာလာပို့သည့် ဘောလခဲမြို့ အခြေစိုက် ဗျူဟာမှ အင်အား (၃၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့ နံနက် (၇)နာရီဝန်းကျင်ခန့်တွင် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၁၀)ဦးခန့် အနည်းဆုံး သေဆုံး၍ လက်နက်ငယ်မျိုးစုံ (၄)လက်နှင့် အခြားစစ်ဖက်ဆိုင်ရာပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်-BPDF က ထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုအား ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်နှင့် ကရင်နီတပ်ပေါင်းစုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency
#TNA_LE
Photo:Bawlakhe PDF