ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ပူးပေါင်း စစ်ကြောင်းထိုးနေ

ဆီဆိုင်မြို့နယ်အတွင်းက ကျေးရွာတချို့ကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ပူးပေါင်း စစ်ကြောင်းထိုးနေ

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်းရှိ ကျေးရွာတချို့ကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့ပူးပေါင်းကာ ယနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် စစ်ကြောင်းထိုးနေသည်ဟု ဒေသခံများထံမှ သိရသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ ထီဆုံကျေးရွာ၊ ကောင်ဝိန်ကြီးကျေးရွာနှင့် နောင်ထောဝ်ကျေးရွာတို့ကို တော်လှန်ရေးတပ်များ တပ်စွဲနေသည်ဟုဆိုကာ စစ်ကောင်စီတပ်နှင့် PNO တို့က စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဆိုသည်။

“တော်လှန်ရေးတပ်တွေက ရွာထဲတပ်စွဲတယ်။ ရွာသားတွေကို မောင်းထုတ်တယ်ဆိုပြီးတော့ သူတို့က ကယ်တင်ရှင်လုပ်ပြီး စစ်ကြောင်းထိုးလာနေတာ။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။



 

အဆိုပါကျေးရွာများသည် စစ်ကောင်စီတပ်က လေယာဉ်နှင့် ဗုံးကြဲခြင်း၊ စစ်ကြောင်းထိုးမီးရှို့ခြင်းတို့ကြောင့် နေအိမ်ပေါင်း (၃၀)နီးပါး ပျက်စီးသွားကာ ဒေသခံများ တိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ယိမ်းရံက ဆိုသည်။

“အခုဆိုရင် စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေက ဝင်ရောက်ပြီး မီးရှို့နေတဲ့အခြေအနေ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြောင်းပြန်တွေ ပြောနေတာကတော့ သူတို့အမြဲတမ်းလုပ်နေတာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အခြေနေမှာကလည်း စစ်ကောင်စီတို့ ပြည်သူ့စစ်တို့ လက်နက်ကြီးနဲ့ပစ် နေအိမ်ကျေးရွာတွေကို မီးရှို့ လေယာဉ်နဲ့ ဗုံးကြဲလို့ ထွက်ပြေးရတဲ့ ပြည်သူတွေချည်းပဲဖြစ်ပါတယ်။”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ယိမ်းရံက Tachileik News Agency ကို ပြောသည်။

PNO ၏ ထုတ်ပြန်ချက်တွင် နိုင်ငံတော်နှင့် ပအိုဝ်းအမျိုးသားတပ်မတော်အနေဖြင့် ပြည်သူများ၏ ဆန္ဒနှင့်အညီ ပြည်သူများ၏ တောင်းဆိုချက်အရ နယ်မြေတည်ငြိမ်းအေးချမ်း ပြည်သူလုံခြုံရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည်ဟု ဆိုသည်။ 

“စစ်ကောင်စီနဲ့ပေါင်းနေတဲ့ PNO အနေနဲ့လည်း သေသေချာချာ ပြန်လည်သုံးသပ်ကြည့်ဖို့လိုပါတယ်။  စစ်ကောင်စီနဲ့ ပူးပေါင်းပြီးတော့ ကိုယ့်လူမျိုးကျေးရွာတွေကို မီးပြန်ရှို့နေရတာတွေ၊ ဒရုန်းနဲ့ပြန်ကြဲနေရတာတွေက လုပ်ရဲ့ကြသလားလို့ သေသေချာချာပြန်စဉ်းစားကြဖို့လိုပါတယ်။”ဟု ခွန်ယိမ်းရံက ဆက်ပြောသည်။

PNO ဘက်ကမူ ဆီဆိုင်မြို့နယ် ထီဆုံကျေးရွာ၊ ပင်အောင်ကျေးရွာ၊ ကောင်ဝိန်ကြီးကျေးရွာမှ ပြည်သူများ အမြန်ဆုံး နေရပ်ပြန်နေနိုင်ရန် နယ်မြေရှင်းလင်းရေးကို အထူးဆောင်ရွက်သွားမည်ဟု ဆိုသည်။

ဇန်နဝါရီလ (၉)ရက်နေ့က ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်ပေါင်းစုကသိမ်းပိုက်ရရှိပြီး ကလေးစစ်သားများအပါအဝင် ပအိုဝ်းပြည်သူ့စစ် PNOတပ်သား (၁၀)ဦးခန့်ကိုလည်း လက် နက်များနှင့်အတူ ဖမ်းဆီးရမိသည်။

#TachileikNewsAgency

#TNA_MAT

Photo:PNO တပ်ဖွဲ့ဝင်များ