တပ်တွင်းသတင်းပေး၏ သတင်းပေးမှုဖြင့် ခမရ ၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ ဗိုလ်ကြီးတစ်ဦး အပါအဝင် (၂)ဦး သေဆုံး

တပ်တွင်းသတင်းပေး၏ သတင်းပေးမှုဖြင့် ခမရ ၆ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ ဗိုလ်ကြီးတစ်ဦး အပါအဝင် (၂)ဦး သေဆုံး

ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ခမရ (၆)မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တပ်တွင်းသတင်းပေး၏ သတင်းပေးမှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကို ခံရပြီး ဗိုလ်ကြီးတစ်ဦးအပါအဝင် (၂)ဦး သေဆုံးကြောင်း သိရသည်။

အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာအခြေစိုက် ခမရ (၆)မှ ထွက်ခွာလာသည့် စစ်ကောင်စီတပ် ဆိုင်ကယ်ယာဉ်တန်းအား တပ်တွင်းသတင်းပေး၏ သတင်းပေးမှုအရ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၄)ရက်နေ့ နံနက် (၉)နာရီခွဲခန့်တွင် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို တပ်ဖွဲ့ဝင်များမှ တပ်ရှေ့ ကိုက် ၂၀၀ အကွာ၌ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နှစ်ဖက်တပ်ဖွဲ့အကြား (၈)မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်ကြီး သိန်းဝင်းနှင့် တပ်ကြပ် တင်အောင်တို့ နေရာတွင် သေဆုံး၍ အခြားစစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဆိုင်ကယ်များဖြင့် ခမရ (၆) တပ်အတွင်းသို့ ဆုတ်ခွာထွက်ပြေးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီးနောက် MA-3 သေနတ်အသစ် (၁) လက်၊ ကျည်ဘောက် (၂)ခု၊ ၅.၅၆ကျည် (၄၉)တောင့်၊ လက်ပစ်ဗုံး (၃)လုံး၊ မိုလ်ဘိုင်းဖုန်း (၂)လုံး၊ ကျောပိုးအိတ် (၁)လုံး၊ မှတ်ပုံတင် (၁)ခု၊ ငွေသား (၄၀၀၀၀)ကျပ်နှင့် ခမရ(၆)တပ်၏ လျှို့ဝှက်စာရွက်စာတမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေး လုပ်ဆောင်နိုင်ရန် သတင်းပေးပို့ခဲ့သည့် တပ်တွင်းသတင်းပေးအား အသိအမှတ်ပြု မှတ်တမ်းတင်ထားပြီး ဆက်လက်၍လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီထောက်တိုင်များအား ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်၍ ၎င်းတို့အနီး ပြည်သူများအနေနှင့် သွားလာနေထိုင်ခြင်း မပြုလုပ်ကြရန် မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးထားသည်။

#TachileikNewsAgency

Photo: မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို