တာချီလိတ်မြို့တွင်  ခရိုင်အုပ်ချုပ်ရေးမှူး နှင့်  သက်ဆိုင်ရာများကို ငွေကြေး ပေးပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အချို့၌ အလှည့်ကျ လောင်းကစားဝိုင်းများ ဖွင့်လှစ်

တာချီလိတ်မြို့တွင်  ခရိုင်အုပ်ချုပ်ရေးမှူး နှင့်  သက်ဆိုင်ရာများကို ငွေကြေး ပေးပြီး ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း အချို့၌ အလှည့်ကျ လောင်းကစားဝိုင်းများ ဖွင့်လှစ်

 ငွေကြေးရယူပြီး လောင်းကစားလုပ်ငန်းများကို ဘာသာရေး နေရာများပါ မချန် ဦးစားပေး လုပ်ဆောင်ခွင့်ပြုထားသည့် တာချီလိတ်မြို့တွင် အချို့ဘုန်းကြီးကျောင်းများ၌ လောင်းကစားများ ပြုလုပ်နိုင်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် သက်ဆိုင်ရာများကို ငွေကြေးပေးရပြီး ၎င်းတို့၏ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေရာ လက်ရှိတွင် တော်ကော့(ပြင်)ဘုန်းကြီးကျောင်းတွင် လောင်းကစားမျိုးစုံ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဘုန်းကြီးကျောင်းများ နှင့် သီလရှင်ကျောင်း အနေဖြင့် တရားဝင် အသိအမှတ်ပြု  ကျောင်းပေါင်း (၁၄၂)ကျောင်းရှိပြီး အသိအမှတ်ပြုရန် လုပ်ဆောင်ဆဲ (၇)ကျောင်း နှင့် ဆိုင်းငံ့ထားသည့် ကျောင်း (၇)ကျောင်း ရှိသလို တရားမဝင်သေးသည့် ကျောင်းပေါင်းမှာလည်း စာရင်းအရ (၄၀)ကျော် ရှိနေကြောင်း သိရသည်။

အဆိုပါ စာရင်းများအနက် ဟောင်လိတ်၊ လွန်းကျိုင်း၊ အာခါဈေးဘေး(အာခါဈေးဘုန်းကြီးကျောင်း)ဘုန်းကြီးကျောင်းနှင့် တော်ကော့(ပြင်)ဘုန်းကြီးကျောင်း စသည့် ဘုန်းကြီးကျောင်း (၄)ကျောင်းတွင် နှစ်စဉ် လောင်းကစားလုပ်ငန်းများ လက်ခံ ဖွင့်လှစ်လေ့ရှိပြီး ဒေသအုပ်ချုပ်ရေးအဖွဲ့က ငွေကြေးရယူက ခွင့်ပြုပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

"တော်ကော့ပြင် ဘုန်းကြီးကျောင်းမှာတော့ လုပ်နေတာ (၂)ရက်ရှိပြီ၊ ဟောင်လိတ်၊ လွန်းကျိုင်း၊ အာခါဈေးဘေး(အာခါဈေးဘုန်းကြီးကျောင်း)က ဘုန်းကြီးကျောင်းနဲ့ တော်ကော့(ပြင်)ဘုန်းကြီးကျောင်း အဲ့ဒီ ဘုန်းကြီးကျောင်း (၄)ကျောင်းမှာ လောင်းကစားဝိုင်းတွေ ဖွင့်နေကြတာ။ အဲ့ဒီဘုန်းကြီးကျောင်းတွေမှာ တစ်ကျောင်းပြီး တစ်ကျောင်း လောင်းကစားဝိုင်းတွေ ဖွင့်တာပေါ့။  တစ်နေရာကို (၁၅)ရက် ခွင့်ပြုမိန့်တင်ပြီး ရက်ပိုအနေနဲ့ (၅)ရက်တိုးလိုက်တော့ ရက်(၂၀)လောက် ကြာတယ်"ဟုအမည်မဖော်လိုသည့် သတင်းရင်းမြစ် တစ်ဦးက Tachileik News Agency သို့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့တွင် ပြောသည်။

 

လောင်းကစားလုပ်ငန်း ပြုလုပ်ရန်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို အား ပထမဆုံး ပေးရပြီး နောက်ပိုင်းအနေဖြင့် ဗျူဟာ နဲ့ စရဖ အပြင် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ ( ဒ/န )နှင့် မြို့နယ်ရဲတပ်ဖွဲ့ အပြင် လောင်းကစားများ ဖွင့်လှစ်သည့် ဘုန်းကြီးကျောင်းများမှာ ဟောင်လိတ်နယ်မြေရဲစခန်း ပိုင်နက်တွင်ရှိ၍ ဟောင်လိတ်နယ်မြေရဲစခန်းတို့ကို အဓိက ပေးရခြင်း ဖြစ်ကြောင်း သိရသည်။

"ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို ကိုတော့ အနည်းဆုံး ဘတ်(၁)သိန်းကနေ စပြီးပေးရတယ်။ ပွဲမစခင် သူတို့ အားလုံးကို ပေးရတာက ဘတ်(၃)သိန်းကျော် ကုန်တယ်။ အဲ့ဒီအပြင် တပ်က အရာရှိတွေ လာတောင်းလည်း ပေးရ၊ ရဲဘက်က လာတောင်းလည်း ထပ်ပေးရနဲ့ ပွဲကာလအတွင်း ဘတ်(၄)သိန်းကနေ (၅)သိန်းအထိက လိုင်းကြေးအဖြစ် ကုန်လေ့ရှိတယ်လို့ ပြောတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ဖော်ပြပါ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း အချို့တွင် လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ကို တာချီလိတ်ခရိုင်/မြို့နယ် သာသနာရေးမှူးများနှင့် တာချီလိတ်မြို့နယ်သံဃာ့နာယကအဖွဲ့ နှင့် သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ တို့ကလည်း လစ်လျူရှုထားကြဆဲဖြစ်၍ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် ယခုလို လောင်းကစားဝိုင်းများ နှစ်စဉ်ရှိနေခြင်းက အခြားဘာသာများအတွက် ဝေဖန်စရာဖြစ်စေကြောင်း ဆိုသည်။

"တာချီလိတ်မြို့မှာ ဘာသာပေါင်းစုံ ဘာသာရေးဆိုင်ရာ ရှိခိုးကျောင်းတွေ ဘုန်းကြီးကျောင်းတွေရှိနေတဲ့အထဲမှာ မှ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမှာပဲ နှစ်စဉ် အမြဲတမ်း လောင်းကစားဝိုင်းတွေ ရှိနေတာက အခြား ဘာသာတွေက ဝေဖန်ရင် ဘယ်လိုလုပ်မလဲ။ နောက်ပြီး အခု လိုမျိုး အခြား ဘာသာဝင်တွေရဲ့ ဘုရားရှိခိုးကျောင်းမှာ လောင်းကစားဝိုင်း လုပ်တယ်ဆိုရင် ချက်ချင်းပဲ ထ ဖမ်းမှာပဲမဟုတ်လား အဲ့အခါကျရင် မျက်နှာလိုက်တာ ဖြစ်ဦးမှာ။ တာချီလိတ်မှာ တာဝန်ကျတဲ့ ဧည့်သည်တွေအနေနဲ့ ငွေတစ်ခုတည်းကိုပဲ မကြည့်ဖို့ မေတ္တာရပ်ခံချင်တယ်ဗျာ"ဟု တာချီလိတ်မြို့ပေါ် တရားပွဲများတွင် ပါဝင်ကူညီခဲ့ဖူးသူ တစ်ဦးက ဆိုသည်။

လောင်းကစားဝိုင်းများ ဖွင့်လှစ်သည့် ဘုန်းကြီးကျောင်းများမှာ ဟောင်လိတ်နယ်မြေရဲစခန်းပိုင်နက်အတွင်း၌ တည်ရှိသည့်အတွက် ဟောင်လိတ်ရဲစခန်းကို မဖြစ်နေ ပေးရခြင်းဖြစ်ကြောင်း နှင့် ခိုးဆိုးလုယက်မှုနှင့် ဓါးပြတိုက်မှုများလည်း ဟောင်လိတ်နယ်မြေရဲစခန်း ပိုင်နက်အတွင်း၌ အများဆုံး နေ့ရော ညပါ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ဘုန်းကြီးကျောင်းများတွင် ဖွင့်လှစ်သည့် လောင်းကစားဝိုင်းများတွင် လေးကောင်ဂျင်၊ ပိုက်ကြူး၊ ဂလုံး ဂလုံး(ဂုံးဂင်း) ၊ ဖဲခုံ(ရှမ်းကိုးမီး/ဘူကြီး)တို့ ပါဝင်ပြီး လောင်းကစား တာဝန်ခံ ကန်ထရိုက်က ဖဲခုံ နှင့် ဂုံးဂင်းခုံများကို တစ်ညလျှင် ဘတ်(၃၀၀၀)ကနေ ဘတ်(၃၅၀၀)အထိ ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

"ပြောရရင်တော့ တာချီလိတ်မြို့က အတော်နာနေပြီ။ တာချီလိတ်မြို့ရဲ့ ပင်တိုင် အလုပ်က လောင်းကစားပဲရှိတော့တယ်။ ကုန်သွယ်ရေး ဆိုတာကလည်း ဟုတ်တိပတ်တိ မရှိဘူး။ ဒေသအပေါ် အကျိုးသက်ရောက်မှု မရှိဘူး။ ဒေသအပေါ် ဆိုးကျိုး ကောင်းကျိုး ဒွန်တွဲပြီး သက်ရောက်တာကတော့ လောင်းကစားလုပ်ငန်းတွေပေါ့။ ဆိုးကျိုးတွေထဲက တခုကတော့ ခိုး ဆိုး လုယက်မှုတွေ ဓါးပြတိုက်မှုတွေက ဒါကို အခြေခံနေတယ်။ လူတွေက လောင်းကစားက အလုပ်တခုလို ဖြစ်နေတော့ ထိရင် နာကြတာက ရှိသေးတယ်။ ဆိုးကျိုးအနေနဲ့ နေ့စဉ် နီးပါး ခိုးဆိုးလုယက်မှုတွေ ဖြစ်နေတာက ဒါတွေကြောင့် ဆိုတာကိုတော့ မမြင်နိုင်ကြဘူး"ဟု တာချီလိတ်ဒေသအတွင်း အမြဲစောင့်ကြည့်နေသည့် ဒေသခံ စစ်စစ် အမျိုးသားတစ်ဦးက ဆိုသည်။ 



တာချီလိတ်မြို့တွင် ခဏတာ လာရောက် တာဝန်ကျသည့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့မှူးများ၊ စခန်းမှူးများ နှင့် စစ်ဗျူဟာ အပါအဝင် သက်ဆိုင်ရာများက ငွေကြေးများရယူပြီး ဘုန်းကြီးကျောင်းများတွင် လောင်းကစားဝိုင်းများကို ခွင့်ပြုသည့်အပြင် တာချီလိတ်မြို့နယ်အတွင်းဖြစ်သည့် တာချီလိတ်မြို့နှင့် တာလေမြို့ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ အတွင်း မူးယစ်ဆေးဝါးများပါရရှိတတ်သည့် လောင်းကစား ဂိမ်းခုံများကိုပါ ခွင့်ပြုပြီး လစဉ်ကြေး ကောက်ယူနေခြင်း ဖြစ်ကြောင်း နှင့် ဟိုတယ်များရှိ လောင်းကစားလုပ်ငန်းများတွင်မှု အဂတိငွေကြေး အပေးအယူများကို စစ်တပ်နှင့်နီးစပ်သူများ အပါအဝင် ပြည်သူ့စစ်ခေါင်းဆောင်အချို့က ကြားပွဲစားသဖွယ် လုပ်ဆောင်နေကြခြင်း ဖြစ်ကြောင်း သိရသည်။