တာချီလိတ်မြို့တွင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ခံရပြီးနောက် သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသမီး၏ နေအိမ်သို့ နေ့စဉ်နီးပါး လာချောင်းသူရှိနေ၍ နေအိမ်သို့ ပြန်မနေရဲ ဖြစ်နေ

တာချီလိတ်မြို့တွင် သတ်ပစ်မည်ဟု ခြိမ်းခြောက် ခံရပြီးနောက် သေနတ်ဖြင့် ပစ်ခံရသည့် အမျိုးသမီး၏ နေအိမ်သို့ နေ့စဉ်နီးပါး လာချောင်းသူရှိနေ၍ နေအိမ်သို့ ပြန်မနေရဲ ဖြစ်နေ



မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပိုင်ဆိုင်မှုကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသမီးတစ်ဦးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်အပြီး (၃/၄)ရက်ဝန်းကျင်အကြာတွင် သေနတ်နှင့် ပစ်ခတ်သော်လည်း အသက်မသေဘဲ ဆေးကုသမှု ခံယူနေရပြီး  နောက်ဆက်တွဲနေဖြင့် နေအိမ်သို့ နေ့ရော ညပါ လာရောက် ချောင်းမြောင်းနေ၍ နေအိမ်တွင် ပြန်မနေရဲ ဖြစ်နေရကြောင်း သိရသည်။

ပစ်ခတ်မှု ဖြစ်စဉ်မှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း မိုးသောက်ကြယ် (၂)လမ်းရှိ ဒေါ်နန်းကောင်ခမ်း၏ နေအိမ်တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က ဒေါ်နန်းကောင်ခမ်းမှာ အိမ်ရှေ့၌ ကားရေဆေးနေစဉ် ကားအဖြူရောင်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားရာ အသက်(၅၀)ကျော်အရွယ် ဒေါ်နန်းကောင်ခမ်း၏ နောက်ကျော အပါအဝင် ဘက်ဖက်လက်မောင်း ဖောက်ဝင် ဒဏ်ရာ ရခဲ့သလို ကားမှာလည်း ကျည်ပေါက်ရာ (၃)ချက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

"ဒေါ်နန်းကောင်ခမ်းကတော့ ဆေးကုသနေရတဲ့ (၁)လ ကျော်သည်အထိ သူ့အိမ်သူ ပြန်မနေရဲဘူး ဖြစ်နေတယ်။ သူ့အိမ်ဝန်းကျင်ကိုလည်း မနက်စောစောတွေ နေ့လည်ပိုင်းတွေနဲ့ ညပိုင်းတွေမှာ အနည်းဆုံး လူ(၂)ဦးက ဆိုင်ကယ်နဲ့ လာလာချောင်းနေတာတွေ့ရတယ်။ ကျွန်မတို့လည်း ပြန်ပေးဆွဲမို့လား ထပ်ပစ်မို့လားဆိုပြီး ဘာမှမဆိုင်ဘဲ တွေးပြီး လန့်နေတာ။ ကာယကံရှင်ဆို ဘယ်လောက်လန့်နေမလဲမသိဘူး။ အခုထိ သူ့အိမ်ကို သူ ပြန်လာမနေရဲဘူး ဖြစ်နေတယ်။"ဟု ဒေါ်နန်းကောင်ခမ်း၏ နေအိမ်ချင်း တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာလ(၃)ရက်နေ့တွင် ပြောသည်။

ဒေါ်နန်းကောင်ခမ်း အား သေနတ်ဖြင့် လာရောက် ပစ်သတ်သော်လည်း အသက်မသေဘဲ ဆေးကုသရပြီး နေအိမ်သို့ ပြန်လာနေရန်မှာလည်း အသက်အန္တရာယ် စိုးရိမ်နေရသည့်အတွက် ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့အထိ ပြန်လာမနေရဲဖြစ်နေခြင်း ဖြစ်ကြောင်း သိရသည်။

"သူ ဒဏ်ရာရပြီး ဆေးကုသတော့ ဆေးရုံမှာလည်း ရဲက လုံခြုံရေး ချပေးတာမျိုးမရှိသလို အဲ့ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မသက်ဆိုင်တဲ့ အခြားကိစ္စတွေပဲ မေးမြန်းတာမျိုး လုပ်တယ်လို့ သိရတယ်။ အခုလက်ရှိကတော့ သူ့အိမ်မှာ ပြန်နေဖို့ သက်ဆိုင်ရာရဲ့ လုံခြုံရေး မပေးနိုင်မှုကြောင့် အခက်အခဲတွေ ဖြစ်နေရှာတယ်။"ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ပစ်ခတ်သည့်အဖွဲ့ကို တာချီလိတ်ရဲတပ်ဖွဲ့က သိရှိထားပြီး မကြာမီ ဖမ်းမိတော့မည်ဟု ပြောဆိုထားသော်လည်း  ၎င်းတို့ သိရှိထားသူမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့၏ အမည်ကို အသုံးချထား၍ ဆက်လက် စုံစမ်းဖော်ထုတ်ရဲခြင်းမရှိ ဖြစ်နေကြောင်းလည်း ခိုင်မာသည့် သတင်းရင်းမြစ်များထံက  သိရသည်။

တာချီလိတ်မြို့တွင် သာမန်ပြည်သူများနှင့် ပတ်သက်ပြီး ပြန်ပေးဆွဲမှုများ၊ လုပ်ကြံမှုများ နှင့် ခိုးဆိုးလုယက်မှုများကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် စစ်ဘက်ရေးရာများက လုံခြုံရေး ဆောင်ရွက်ပေးခြင်း မရှိသော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းစတုန်းက မြို့မျက်နှာဖုံး လုပ်ငန်းရှင် တစ်စု၏ နေအိမ်များရှေ့တွင် စစ်တပ်က လုံခြုံရေးအဖြစ် စစ်သားများ ချပေးထားကာ ကင်းစောင့်ပေးမှုများရှိခဲသော်လည်း ယခုအခါတွင် တာချီလိတ်၌ နေ့စဉ် နီးပါး ဖြစ်ပွားနေသည့် ပြန်ပေးဆွဲမှုများ အပါအဝင် ခိုးဆိုးလုယက်မှုများ အပြင် လုပ်ကြံမှုများနှင့် ပတ်သက်ပြီး လုံခြုံရေး လုပ်ဆောင်ပေးခြင်းမရှိ ဖြစ်နေသည်။