တာချီလိတ် နှင့် မယ်ဆိုင်အကြား အဆိုးရွားဆုံး ဖုံးလွှမ်းခဲ့ရသည့် ရွှံ့နွံများမှာ မိုင်းဆတ်တွင် လုပ်ဆောင်နေသည့် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် ဖြစ်နေ

တာချီလိတ် နှင့် မယ်ဆိုင်အကြား အဆိုးရွားဆုံး ဖုံးလွှမ်းခဲ့ရသည့် ရွှံ့နွံများမှာ မိုင်းဆတ်တွင် လုပ်ဆောင်နေသည့် ရွှေတူးဖော်ရေး လုပ်ငန်းများကြောင့် ဖြစ်နေ
နိုဝင်ဘာ 27, 2024 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် နှင့် မယ်ဆိုင်မြို့တို့တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလအတွင်းက မကြုံစဖူး ရွှံ့နွံများ ဖုံးလွှမ်းခဲ့ရခြင်းသည် မိုင်းဆတ်ခရိုင်အတွင်း လုပ်ဆောင်နေသည့် အကြီးစား ရွှေတူးဖော်ထုတ်လုပ်မှုများကြောင့် ဖြစ်ကြောင်း ထိုင်းအစိုးရ၏ လေ့လာတွေ့ရှိချက်နှင့်အတူ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ၎င်းတို့ လေ့လာတွေ့ရှိချက်များကို နိုဝင်ဘာလ(၂၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့ကစပြီး တာချီလိတ်မြို့ နှင့် မယ်ဆိုင်မြို့တို့တွင် အဆိုးရွားဆုံး ရွှံ့နွံများ ဖုံးလွှမ်းခဲ့ရခြင်းသည် သတ္တူတူးဖော်မှုများ၏ အကျိုးဆက်ဖြစ်ပြီး ရွှေနှင့်သတ္တုတူးဖော်ရာမှ ဖြစ်ပေါ်လာသည့် စွန့်ပစ်ပစ္စည်းများသည် မြစ်အတွင်းသို့ စီးဝင်မှုများရှိသလို ဖုံးလွှမ်းထားသည့် ရွှံ့နွံများ၌ ရွှေတူးဖော်ရာတွင် အသုံးပြုသည့် ဆိုင်ယာနိုက်(Cyanide) အဆိပ်ရှိ ဓါတုပစ္စည်းများ ပါဝင်နေကြောင်း သိရသည်။

မိုင်းဆတ်ခရိုင်အရှေ့ပိုင်းဒေသအတွင်း UWSA ( 'ဝ'ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်)၏ လက်အောက်ခံ ဒေသများဖြစ်သည့် မိုင်းကန်းနှင့်နားယောင်း ကျေးရွာတို့ အနီးတစ်ဝိုက် အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ကျေးရွာဖြစ်သည့် မယ်ကြုတ်ကျေးရွာတို့တွင် ၂၀၂၂ခုနှစ် ဝန်းကျင်ကစပြီး ရွှေတူးဖော်မှုများမှာ ပိုမိုများပြားလာခဲ့ရာ မြစ်ဘေးရှိ အစိတ်အပိုင်းများမှာ တိုက်စားခံရပြီး ခဲဓါတ်များသည့် ကန်များ အဖြစ်သို့ ပြောင်းလဲသွားကြောင်းနှင့် အဆိုပါ ကန်များတွင် ရွှေတူးဖော်ရာ၌ အသုံးပြုပြီး အသက်အန္တရာယ်ကို အဆုံးရွားဆုံး ဖြစ်ပေါ်နိုင်သည့် ဆိုင်ယာနိုက် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ( Shan Human Rights Foundation - SHRF ) က ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

မဲခေါင်မြစ်၏ မြစ်လက်တက်များအနက် နမ့်ခုတ်မြစ်သည် ကျောက်မီးသွေးနှင့်ရွှေတူးဖော်မှုကြောင့် လည်းကောင်း၊ နမ့်ခုတ်မြစ်သည် မန်ဂန်းနိစ့် ထုတ်လုပ်မှုကြောင့် လည်းကောင်း၊ နမ့်လင်းမြစ်သည် ရွှေထုတ်လုပ်မှုကြောင်း လည်းကောင်း ထိခိုက်မှုများရှိနေသည်ဟုလည်း ဆိုထားသည်။

သတ္တုတူးဖော်မှုများကြောင့် ယင်းဒေသအနီးအနားတွင် သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေသလို သတ္တုတွင်းမှ စွန့်ပစ် ပစ္စည်းများ မြစ်အတွင်းသို့ စီးဝင်မှုကြောင့်လည်း မြစ်ရေ ညစ်ညမ်းစေသည့် အပြင် မြန်မာ - ထိုင်းနယ်စပ်တလျှောက်တွင် နေထိုင်သူများပေါ်သို့ ကျန်းမာရေး ဆိုးကျိုးများ ကျရောက်စေကြောင်းလည်း သိရသည်။

 

တာချီလိတ် နှင့် မယ်ဆိုင်မြို့များတွင် နှစ်စဉ် မိုးရာသီကာလများ၌ ရေကြီးရေလျှံမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိခဲ့သော်လည်း ၂၀၂၄ခုနှစ် စက်တင်ဘာလကဲ့သို့  ရက်ရှည် ရေကြီးရေလျှံမှု နှင့် အဆုံးရွားဆုံး ရွှံ့နွံဖုံးလွှမ်းမှုများ မကြုံခဲ့ဖူးကြောင်း နှင့်ယခုနှစ်တွင် ရွှံ့နွံများ ပြန်လည်ဖယ်ရှားရန်မှာ အခက်အခဲဆုံးဖြစ်ပြီး ကုန်ကျမှုလည်း အများဆုံး ဖြစ်ခဲ့ကြောင်း သိရသည်။

"တာချီလိတ်မြို့မှာတော့ အဆိုးရွားဆုံးက ပုန်းထွန်ရပ်ကွက်အတွင်းပဲ ဒီနေ့အထိ မရှင်းနိုင်သေးတဲ့ နေရာတွေအများကြီးကျန်သေးတယ်။ စရိတ်သက်သာအောင် သက်ဆိုင်ရာကလည်း ပူးပေါင်းလုပ်ပေးတာ မရှိဘူး။ သူတို့ကတော့ လူသွားလူလာများတဲ့နေရာကိုပဲ ဦးစားပေးတာပေါ့။ အခုက ကိုယ့်အိမ်ကိုယ်ရှင်းဖြစ်နေတော့ အိမ်တစ်အိမ်ကို ရွှံ့နွံတွေ ရှင်းဖို့ အနည်းဆုံး အနည်းဆုံး ဘတ်ငွေ(၅၀,၀၀၀)ကနေ ဘတ်(၁)သိန်းကျော်အထိ ကုန်တယ်"ဟု ပုန်းထွန်ရပ်ကွက်တွင်း နေထိုင်သူ တစ်ဦးက နိုဝင်ဘာလ(၂၇)ရက်နေ့တွင် Tachileik News Agency သို့ ပြောပြသည်။

 

မိုင်းဆတ်ခရိုင်အတွင်း စစ်ကောင်စီ၏ လက်အောက်ခံ လားဟူပြည်သူ့စစ်များ စိုးမိုးသည့် မယ်ကြုတ်တွင် လွန်ခဲ့သည့် (၂)နှစ်ဝန်းကျင်ကတည်းက ရွှေတူးဖော်မှု လုပ်ငန်းများ  ပိုများပြားလာခဲ့သလို  နားယောင်း နှင့် မိုင်းကန်းတို့တွင်လည်း  ၂၀၂၂ခုနှစ် နှောင်းပိုင်းက စပြီး များပြားလာခဲ့ကြောင်း သိရသည်။

နမ့်ခုတ်မြစ်အထက်ပိုင်း မိုင်းဆတ်တောင်ဘက်တွင် ၂၀၂၃ခုနှစ်က စပြီး တရုတ်ကုမ္ပဏီ (၇)ခုနှင့် UWSA တို့ ချိတ်ဆက်ကာ ရွှေတူးဖော်ရေးများကို ဆက်လက်လုပ်ဆောင်ခဲ့မှုကြောင့် အဆိတ်အတောက်နှင့် စွန့်ပစ်ပစ္စည်းများမှာ ထိုင်းနယ်စပ် မီတာ(၃၀)အကွာအထိ မြစ်များအတွင်းသို့ စီးဆင်းလျှက်ရှိကြောင်း  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ချက်တွင် ဆိုထားသည်။

"မိုင်းဆတ်ခရိုင်ထဲမှာ 'ဝ' အဖွဲ့နဲ့ တရုတ်တွေ ပေါင်းပြီးတော့ ရွှေတွေအကြီးအကျယ်လုပ်နေကြတာ။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်း က အကြီးပိုင်းတွေကလည်း ကြားပွဲစားလို ပါကြတာပေါ့။ အကြီးအကျယ်လုပ်ကြတာ တော်တော်လေးကို ရကြသလို တော်တော်လေးလည်း အောင်မြင်သွားကြတယ်။ တာချီလိတ်မှာ ဖုံးလွှမ်းသွားတဲ့ ရွှံ့နွံတွေက အဲ့ဒီ မိုင်းဆတ်ဘက်က လာတဲ့ နုန်းတွေလည်းပါသလို လွယ်တော်ခမ်းအပေါ် ချောင်းအထက်မှာလုပ်နေတဲ့ နေရာတွေကလည်း ပါတာပေါ့။ ရေကြီးတော့ တခါတည်း စုပေါင်းဆင်းချလာလိုမျိုး ဖြစ်သွားတာ။ အဲ့လိုကြောင့် နေအိမ်တွေ ပါသွားတဲ့အထိ ဖုံးလွှမ်းတဲ့အထိ ဖြစ်ခဲ့တာ။  အမှတ်(၂)သတ္တုတွင်းလုပ်ငန်း က တာဝန်ရှိသူတွေကလည်း ခေါင်းရှောင်ကြတယ်။"ဟု အမည်မဖော်လိုသည့် သတ္တုလုပ်ငန်းရှင်တစ်ဦးက ပြောပြသည်။

တာချီလိတ်မြို့တွင် ရေကြီးရေလျှံမှုနှင့်အတူ ရွံ့နွံများ ဖုံးလွှမ်းခြင်း၏ အဓိက တရားခံမှာ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု အထက်ပိုင်း နှင့် မိုင်းဆတ်ခရိုင်အတွင်းမှ ရွှေလုပ်ငန်းများတွင် ပါဝင်သည့် လုပ်ငန်းရှင်များနှင့် လုပ်ငန်းရှင်အမည်ခံ ကြားပွဲစားသဖွယ် ကုမ္ပဏီများသာဖြစ်ကြောင်းနှင့် ၎င်းတို့၌သာ တာဝန်ရှိကြောင်းကို တြိဂံတိုင်းစစ်ဌာနချုပ် နှင့်  အမှတ်(၂)သတ္တုတွင်းလုပ်ငန်း တို့မှ တာဝန်ရှိသူများက သိရှိထားကြသော်လည်း ရေငုပ်နှုတ်ပိတ်နေသည်ဟု ဆိုသည်။

"တာချီလိတ်မှာ ရေကြီးရေလျှံဖြစ်တာက နှစ်စဉ်ဆိုပေမဲ့ ဒီတစ်ကြိမ်က အတော်လေး ရေနဲ့ရွံ့နွံ လွှမ်းမိုးခံရတဲ့ ဒေသခံတွေအတွက် အတော်လေး အထိနာတယ်။ သတ္တုလုပ်ငန်းရှင်များကလည်း လူသွားလူလာများတဲ့ နေရာတွေလောက်ပဲ ကားတွေနဲ့ လာကူတာ။ အိမ်စေ့ လိုက်ကူညီပေးတာ မဟုတ်ဘူး။ တော်တော်များများက ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်ကြရတော့ အနည်းဆုံး ဘတ်(၅)သောင်းကနေ ဘတ်(၁)သိန်းကျော်အထိ ကုန်ကျရတယ်။ အခုထိ မရှင်းနိုင်သေးတာလည်းကျန်သေးတယ်။ အခုလို ဖြစ်စဉ်တွေကိုလည်း တပ်ကလည်း သိတယ်။ သူတို့ထက် ကြီးတဲ့သူတွေရှိနေတော့ သူတို့လည်း ကြောက်ပြီး ဘာအသံမှ မထွက်ရဲသလို ဒေသခံတွေ သက်သာရေးလည်း မလုပ်ပေးနိုင်ကြတဲ့ အခြေအနေ ဖြစ်ခဲ့တယ်"ဟု အမည်မဖော်လိုသည့် လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

 တာချီလိတ်မြို့နယ်အတွင်း သတ္တုနှင့်ရွှေတူးဖော်ရေးလုပ်ငန်းများသည် တာလေမြို့တွင် တောင်များ ပျောက်လုနီးအထိ ဖြစ်ပေါ်နေပြီး တာချီလိတ်မြို့နယ်အတွင်း မိုင်းကိုး၊ မိုင်းဟဲ နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုများတွင် ချဲထွင်းလုပ်ကိုင်လာရာတွင် တရားမဝင်လုပ်ဆောင်မှုက များပြားပြီး သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာနိုင်သည့် အခြေအနေများ အချိန်မရွေးရှိနေသည်ဟု သိရသည်။

ရွှေတူးဖော်မှု လုပ်ငန်းများ၏ ဆိုးကျိုးအနေဖြင့် တာချီလိတ်မြို့နယ်အတွင်း ရေကြီးရေလျှံမှုကြီးမားပြီး အဆိုးရွားဆုံး ရွှံ့နွံဖုံးလွှမ်းမှုကြောင့်  လူပေါင်း (၁၂,၀၀၀)ကျော် ရေဘေးသင့်ခဲ့ရပြီး အမျိုးသား(၁၃)ဦး နှင့် အမျိုးသမီး (၆)ဦး လူစုစုပေါင်း (၉)ဦး သေဆုံးခဲ့ရသလို နေအိမ် (၆၀)ကျော် ရေထဲမျှောပါပြီး နေအိမ်အတွင်း ရွှံ့နွံဖုံးလွှမ်းမှုများစွာ ရှိခဲ့သလို လမ်းပျက်စီးမှုအခြေအနေမှာလည်း စုစုပေါင်း ပေ(၁၄၀၀)ဝန်းကျင် ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် လူသေဆုံးမှု အရေအတွက်မှာ သက်ဆိုင်ရာနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ရှာဖွေတွေ့ရှိထားသည့် အရေအတွက်သာဖြစ်ပြီး ထိုကာလအတွင်း ပျောက်ဆုံးနေပြီး ဆက်သွယ်မရသည့် လူဦးရေများလည်းရှိနေသေးကြောင်း သိရသည်။

 

မှတ်ချက် - ဖော်ပြပါ ပုံများမှာ  ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည့် ပုံများ ဖြစ်သည်။