ထိုင်း-မြန်မာနယ်စပ် BGF ထိန်းချုပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသော ၃၉ ဦးကို ထိုင်းစစ်တပ်ကယ်တင်

ထိုင်း-မြန်မာနယ်စပ် BGF ထိန်းချုပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းမှ ထွက်ပြေးလာသော ၃၉ ဦးကို ထိုင်းစစ်တပ်ကယ်တင်
နိုဝင်ဘာ 25, 2024 | 2021 Military Coup| အခြားဒေသများ

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းများမှ ထွက်ပြေးလာသည့် နိုင်ငံခြားသား(၃၉)ဦးကို ထိုင်းစစ်တပ်က ယနေ့ ၂၀၂၄ခုနှစ် နိုဝင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းတွင် ကယ်တင်ပေးလိုက်ကြောင်း ထိုင်း Khaosod သတင်းဌာနက ဖော်ပြသည်။

ထိုင်းစစ်တပ်က ကယ်တင်‌ပေးခဲ့သည့် နိုင်ငံခြားသားများထဲတွင် သီရိလင်္ကာနိုင်ငံသား (၃၂)ဦး၊ နီပေါနိုင်ငံသား (၅)ဦး၊ မလေးရှားနိုင်ငံသား (၁)ဦးနှင့် ရုရှားနိုင်ငံသား(၁)ဦးတို့ပါဝင်ကြောင်း သိရသည်။

“မြဝတီနယ်ဘက်ကနေ ထွက်ပြေးလာတဲ့ နိုင်ငံခြားသားတွေကို ထိုင်းစစ်တပ်က ဒီနေ့ နံနက်ပိုင်းမှာ မဲဆောက်မြို့နယ် မယ်တောင်ကျေးရွာအနီးက သောင်ရင်းမြစ်ကမ်းစပ်ကနေ စောင့်ကြိုပြီး ကယ်ထုတ်ပေးခဲ့ကြတာ။”ဟု မဲဆောက်ရောက် မြန်မာနိုင်ငံသားတစ်ဦး က Tachileik News Agency ကိုပြောသည်။

ထွက်ပြေးလာသူများသည် Online မှတစ်ဆင့် လစာကောင်းရမည်ဟုဆိုကာ မက်လုံးပေးခေါ်ယူခံရခြင်းဖြစ်ပြီး မြဝတီမြို့နယ်ရှိ ကျားဖြန့်လုပ်ငန်းတစ်ခုတွင် အင်တာဗျူးစဉ်က ပြောဆိုခဲ့သည့် အလုပ်များမဟုတ်ဘဲ ခိုင်းစေသမျှကို လုပ်ကိုင်ခဲ့ရသည်ဟု ဖော်ပြ ထားသည်။

ပြန်လည်လွတ်မြောက်လာသည့် သီရိလင်္ကာနိုင်ငံသား (၃၂)ဦးက ၎င်းတို့၏ သံရုံးထံ ဆက်သွယ်အကူအညီတောင်းခံခဲ့သဖြင့် ထိုင်းနိုင်ငံဆိုင်ရာ သီရီလင်္ကာသံရုံးက ထိုင်းနိုင်ငံတာဝန်ရှိသူများနှင့်ပူးပေါင်း၍ နိုင်ငံခြားသား (၃၉)ဦးကို ကယ်တင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖြစ်သည့် စောချစ်သူဦးစီးနေသည့် BGF က မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မြို့သစ် အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် လုပ်ကိုင်နေသော နိုင်ငံခြားသားများကို (၆)လအတွင်းထွက်ခွာရန် ပြီးခဲ့သည့် မေလ(၃)ရက်နေ့က စာထုတ်ထားသော်လည်း အဆိုပါလုပ်ငန်းများမှာ လည်ပတ်နေဆဲဖြစ်သည်။

မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် လောင်ကစားလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် နိုင်ငံခြားသား သောင်းချီရှိနိုင်သည်ဟုလည်း လေ့လာစောင့်ကြည့်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းပြောဆိုထားသည်။

မြဝတီမြို့ မြောက်ဘက် (၁၀)ခန့်ဝေးသည့် တရုတ်ဆိုက်ဟု လူသိများသော ရွှေကုက္ကိုမြို့သစ်သည်လည်း ထိုင်းနှင့် မြန်မာကို နယ်မြေပိုင်းခြားထားသည့် သောင်ရင်းမြစ်ကမ်းပါး၌ တည်ရှိကာ ကာစီနို၊ ငါးပစ်ဂိမ်း၊ စလော့ဂိမ်းနှင့် ကျားဖြန့်လုပ်ငန်းများစွာရှိသည်ဟုလည်း နာမည်ဆိုးနှင့်ကျော်ကြားသည်။

ထို့ကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ(၂၉)ရက်နေ့တွင် ဥရောပသမဂ္ဂက မြ၀တီမြို့ နယ်တွင် အွန်လိုင်းငွေလိမ်လည်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှုနှင့်နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာကျူးလွန်နေသော ဗိုလ်မှူးကြီး စောချစ်သူ၊ ဗိုလ်မှူးမုတ်သုန်၊ ဗိုလ်မှူးတင်ဝင်းနှင့် ချစ်လင်းမြိုင်ကုမ္ပဏီတို့ကို ပိတ်ဆို့အရေးယူကြောင်း ကြေညာခဲ့သည်။

#TachileikNewsAgency

Photo: Khaosod