ကျေးသီးမြို့နယ်တွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများအား SSPP/SSA မှ ထောက်ပံ့ကူညီ

ကျေးသီးမြို့နယ်တွင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများအား SSPP/SSA မှ ထောက်ပံ့ကူညီ

ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများအား ကျပ်သိန်း ၁၀၀ ကျော် တန်ဖိုးရှိ ဆန် နှင့် ငွေကြေးများ သွားရောက် ကူညီထောက်ပံ့ပေးကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA မှ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၉) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ခုနှစ် ဇူလိုင်လမှစ၍ လက်ရှိအချိန်ထိ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်သို့ လေးလကျော်ကြာ ရောက်ရှိနေကြသည့် စစ်ဘေးရှောင် ဒေသခံပြည်သူများ စားဝတ်နေရေးအတွက် အခက်အခဲများ ကြုံတွေ့နေရသဖြင့် နိုဝင်ဘာလ (၈)ရက်နေ့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA မှ သွားရောက် ထောက်ပံ့ ကူညီခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

SSPP/SSA ၏ စစ်ဘေးရှောင် ကူညီထောက်ပံ့ရေး ကော်မတီသည် စစ်ဘေးရှောင်များ နေထိုင်လျှက်ရှိသည့် ကျေးသီးမြို့နယ်ရှိ သုဝဏ္ဏသီရိ (ဟုန်းခမ်း) စာသင်တိုက်မှ (၇၅)ဦး ၊ ကောင်းဟော် ကျောင်းတိုက်မှ (၃၂)ဦး ၊ နှစ်မိုင်ကျောင်းတိုက်မှ (၃၉)ဦး ၊ ကမ္မဌာန်းကျောင်းတိုက်မှ(၂၆)ဦး ၊ လွယ်ပေါ် ကျောင်းတိုက်မှ (၃၁)ဦး ၊ (၇၈၆) ဗလီ ဝတ်ကျောင်းတော်မှ(၂၀)ဦး ၊ ဟိန္ဒူကျောင်းတော်မှ (၇)ဦးနှင့် ခရစ်ယာန် ဘုရားကျောင်းမှ (၁၁)ဦး စုစုပေါင်း (၂၄၁)ဦးတို့ကို ထောက်ပံ့ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် ရှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ သီပေါ ၊ ကျောက်မဲ နှင့် နမ့်လန် မြို့နယ်များမှ ဒေသခံပြည်သူများဖြစ်ကြပြီး လက်ရှိအချိန်ထိ ဒေသအတွင်း လေကြောင်းတိုက်ခိုက်မူများ ၊ လက်နက်ကြီးပစ်ခတ်မူများ ၊ စစ်ရေးတင်းမာနေမူများ ရှိနေသေးသည့်အတွက်ကြောင့် နေရပ်ပြန်နိုင်ရေးအတွက် အခက်အခဲများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: SSPP Info