ချောင်းဦးမြို့နယ် မြပုလဲအထိုင်ဂိတ်မှ လမ်းကင်းယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် မြပုလဲအထိုင်ဂိတ်မှ လမ်းကင်းယူရန်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ကြောင်း Brave Heart Army – BHA အဖွဲ့က ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြပုလဲအထိုင်ဂိတ်မှ လမ်းကင်းယူရန် Jammer ကားဖြင့် ထွက်ခွာလာသည့် အင်အား (၂၀) ခန့်ပါရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့ နံနက် (၉) နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ M18 မိုင်း (၃) လုံး (၂) ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ ဗိုလ် (၁)ဦး အပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု အတွင်းသတင်းပေးပို့ချက်အရ ပြန်လည်ကြားသိရပြီး ၊ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပြည်သူကားဖြင့် မုံရွာ နမခ သို့ ပို့ဆောင်ခဲ့သည်ဟု သိရကြောင်း Brave Heart Army – BHA အဖွဲ့က ဆိုသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး (၆၀) မမ (၂) လုံးနှင့် လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Brave Heart Army–BHA ၊ MYAUNG REVOLUTION ARMY (MRA) တပ်ဖွဲ့ဝင်များ နှင့် CHINDWIN FIGHTER GROUP (CFG) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: Brave Heart Army