ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာ တော်လှန်ရေးတပ်များ ဝင်တိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်း

ကျောက်တံခါးမြို့နယ်တွင် စစ်ကောင်စီတပ်စွဲထားသည့်နေရာ တော်လှန်ရေးတပ်များ ဝင်တိုက်ပြီး လက်နက်ခဲယမ်းများသိမ်းဆည်း

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၃)ဦးသေပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း တောင်ပိုင်းစစ်ဒေသက ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ၊ တပ်ရင်း (၃၇၀၂)၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ(၂)စစ်ကြောင်းနှင့် KNLA တပ်ရင်း (၉) ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ (၁)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား (၃)ဦးသေပြီး စစ်ကောင်စီတပ်ထံမှ G3 တစ်လက်၊ G3 ကျည် (၁၇၄)တောင့်၊ G3 ကျည်ဘောက် (၃)ခု၊ ကိုးလုံးကျည် (၂၉)တောင့်နှင့် အခြားလက်လုပ်သေနတ်များကို သိမ်းဆည်းရရှိသည်ဟု ဆိုသည်။

တိုက်ပွဲပြီးသွားပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာကို လက်နက်ကြီးများပစ်ခတ်ရာ အရပ်သား (၂)ဦးဒဏ်ရာရကြောင်း သိရသည်၊

နိုဝင်ဘာလ (၁)ရက်နေ့တွင်ပင် ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားသို့ ဝင်ရောက်လာသော စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ P2-7803 ရိုးမ (၁)စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ(၂)စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် KNLA ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားအများအပြား ထိခိုက်သေဆုံးသည်ဟု သိရသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က စစ်ကူများ အဆက်မပြတ်ပို့ဆောင်ပြီး လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် ပစ်ကူပေးခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့ဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

Photo: တောင်ပိုင်းစစ်ဒေသ