မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ပိုင်ဆိုင်မှုကိစ္စများနှင့် ပတ်သက်ပြီး အမျိုးသမီးတစ်ဦးကို သတ်ပစ်မည်ဟု ခြိမ်းခြောက်အပြီး (၃/၄)ရက်ဝန်းကျင်အကြာတွင် နေအိမ်သို့ လာရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း မိုးသောက်ကြယ် (၂)လမ်းရှိ ဒေါ်နန်းကောင်ခမ်း၏ နေအိမ်တွင် ၂၀၂၄ခုနှစ် အောက်တိုဘာလ(၂၆)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ညနေ(၃)နာရီခွဲဝန်းကျင်အချိန်တွင် ဒေါ်နန်းကောင်ခမ်းမှာ အိမ်ရှေ့၌ ကားရေဆေးနေစဉ် ကားအဖြူရောင်ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သွားရာ အသက်(၅၀)ကျော်အရွယ် ဒေါ်နန်းကောင်ခမ်း၏ နောက်ကျော အပါအဝင် ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာ (၂)ချက်ရခဲ့သလို ကားမှာလည်း ကျည်ပေါက်ရာ (၃)ချက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် မပစ်ခတ်မီ လူအခြေအနေ ကြည့်သည့်အနေဖြင့် နေအိမ်ရှေ့ကနေ ကားအဖြူမှာ (၂)ခေါက် ဖြတ်သွား ဖြတ်လာပြုလုပ်ပြီးနောက် ပစ်ခတ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မဖြစ်ပွားမီ (၃/၄)ရက်ဝန်းကျင်က ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့ရှိ 89 Hotel တွင် အမျိုးသားတစ်ဦးက ဒေါ်နန်းကောင်ခမ်းအား တောထဲခေါ်သွားပြီး သတ်ပစ်မည်ဟု လာရောက် ခြိမ်းခြောက်သွားသေးကြောင်း သိရသည်။
"စိုင်းလုံတွီက 89 Hotel ကို ရောက်လာပြီး ဟိုတယ်က ဝန်ထမ်းတွေကို အော်ပြောသွားတာ။ နန်းကောင်ခမ်းကို ခေါ်လာခဲ့ တောထဲမှာ သတ်ပစ်မယ် ဆိုပြီး လာခြိမ်းခြောက်သွားတာ။ ဟိုတယ်က လုံခြုံရေးဝန်ထမ်းတွေရော အားလုံးရှေ့မှာရော အဲ့လိုခြိမ်းခြောက်သွားတာ၊ အားလုံး သိ အားလုံး ကြားကြပါတယ်။ အဲ့လို ခြိမ်းခြောက်ပြီး မကြာဘူး အခုလို ဖြစ်တော့တာပဲ"ဟု ဒေါ်နန်းကောင်ခမ်း နှင့် နီးစပ်သူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။
ယခုလို သေနတ်ဖြင့် ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အတွင်းရေး ကိစ္စများအနေဖြင့် ဒေါ်နန်းကောင်ခမ်း နှင့် ဦးစိုင်းတစ်(ခ)ရီဆောတို့မှာ လင်မယားကွာရှင်းထားပြီး နောက်ဆက်တွဲအနေဖြင့် ပိုင်ဆိုင်မှုများကို ခွဲဝေရာတွင် ရှမ်းပြည်နယ်အဆင့်အထိ ဒေါ်နန်းကောင်ခမ်းက တစ်ဖက်၊ ဦးစိုင်းတစ်(ခ)ရီဆော နှင့် စိုင်းလုံတွီတို့က တဖက် တရားရင်ဆိုင်ရာမှ တဆင့် နေပြည်တော်အထိ တရားရင်ဆိုင်ရမည်ဟုလည်း သိရသည်။
ပိုင်ဆိုင်မှုများနှင့် ပတ်သက်ပြီး မယ်ထောက်အွေ့ ကိုယ်စား အမည်လွဲရယူထားသည့် စိုင်းလုံတွီ နှင့် ဦးစိုင်းတစ်(ခ)ရီဆောတို့က ဒေါ်နန်းကောင်ခမ်းကို အမြဲရန်လိုဆက်ဆံပြီး အသက်အန္တရာယ် ခြိမ်းခြောက်မှု အမြဲ ပြောဆိုကြောင်း နှင့် ၎င်းတို့ဘက်က ပိုင်ဆိုင်မှု အနိုင်ရရေးအတွက် ရှေ့နေများနှင့်တရားသူကြီးများအထိ လာဘ်ငွေအများအပြား ပေး၍ လုပ်ဆောင်သလို ပြည်နယ်ဝန်ကြီးများအထိ ပေါက်ရောက်မှုရှိသည်ဟုဆိုကာ အနိုင်ရရန် လုပ်ဆောင်မည်ဟု ပြောလေ့ရှိသည်ဟု ဒေါ်နန်းကောင်ခမ်း နှင့် နီးစပ်သူများက ဆိုသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ဆေးဝါးကုသမှု ခံယူနေသည့် နန်းဒေါ်နန်းကောင်ခမ်း၏ လုံခြုံရေးကို သက်ဆိုင်ရာက တာဝန်ယူပေးထားခြင်းမရှိ၍ စိုးရိမ်စရာအခြေအနေ ရှိနေကြောင်းလည်း သိရသည်။
"ဒီကိစ္စ နဲ့ပတ်သက်ပြီး မြို့မရဲစခန်းကတော့ ဘာလုပ်နေလဲ မသိပေမဲ့ စိုင်းလုံတွီ နှင့် ဦးစိုင်းတစ်(ခ)ရီဆောတို့ကို ဖမ်းဆီး စစ်ဆေးဖို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးချမ်းမြေ့ဝင်း အမိန့်နဲ့ ခရိုင် ဒနက ကိုကိုဦးတို့ကို စေခိုင်းမယ်လို့တော့ ခရိုင်ရုံးကနေ ကြားရပေမဲ့ တကယ် ဖမ်းဆီး စစ်ဆေးမှာလား ထုံးစံအတိုင်း ယူပြီး လွတ်ပေးထားမလားတော့မသိဘူး"ဟု နောက်ထပ် အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။
တာချီလိတ်မြို့တွင် ယခင်ခရိုင်ရဲတပ်ဖွဲ့မှူး အဆင့်ဆင့် လက်ထက်များက ငွေကြေးကိစ္စများ၊ ပိုင်ဆိုင်မှု ကိစ္စများ နှင့် မူးယစ်ဆေးဝါးကိစ္စများ စသည့် အကြောင်းကိစ္စ အမျိုးမျိုးကြောင့် သေနတ်ဖြင့် ဖြေရှင်းကြသည့် ကိစ္စများကို အပေးအယူများ ပြုလုပ်ပြီး တာချီလိတ်ရဲတပ်ဖွဲ့က လက်ရှောင်လေ့ရှိသည့်အတွက် တာချီလိတ်မြို့တွင် ဥပဒေမဲ့ လုပ်ရပ်များကို ငွေရှိလျှင် လုပ်ဆောင်၍ရသည်ဟု ဒေသခံများအကြား ပြောစကားဖြစ်နေသည်။