ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးဝါးလုံလောက်စွာ ကုသမှုမရသဖြင့် ကျဆုံး

ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးဝါးလုံလောက်စွာ ကုသမှုမရသဖြင့် ကျဆုံး
အောက်တိုဘာ 22, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး အချိန်မီဆေးကုသမှုမရသဖြင့် ကျဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ထံမှ သိရသည်။

ထားဝယ်အကျဉ်းထောင်တွင် ပုဒ်မ(၅၀)ညနှင့် ပုဒ်မ(၅၂)တို့ဖြင့် မတရားဖမ်းဆီးခံထားရသည့် အသက်(၆၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်(ခေါ်)ကိုချင်းသည် ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၇)ရက်နေ့တွင် ထားဝယ်ဆေးရုံ၌ ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

“ထားဝယ်အကျဉ်းထောင်မှာ ထောင်ဆေးရုံမရှိတဲ့အပြင် ရောဂါဝေဒနာတွေကို ကုသပေးနိုင်တဲ့ ထောင်ဆရာဝန်တွေလည်း မရှိဘူးပေါ့နော်။ ထောင်တွင်းမှာတော့ ဆေးမှူးလိုမျိုး အဆင့်လောက်ပဲ ထားပေးနိုင်တာဖြစ်တဲ့အတွက် ဖြစ်သမျှရောဂါတွေကို စနစ်တကျကုသပေးနိုင်ဖို့တော့ လက်ရှိ ထားဝယ်အကျဉ်းထောင်မှာ ဆေးဝါးကုသမှုလုံ လောက်စွာရရှိခြင်းမရှိဘူး။ လက်ရှိ ဦးရဲအောင်ကလည်း လေဖြတ်ဝေဒနာကြောင့် ထောင်တွင်းမှာ မကုနိုင်တဲ့အခါ ထောင်ပြင်ပကို ပို့ခဲ့ပေမယ့် ထောင်ပြင်ပက ဆေးရုံမှာပဲ သေဆုံးသွားရတယ်ပေါ့နော်။ ဘာရောဂါနဲ့ဆုံးတယ်ဆိုတာတော့ မသိရသေးပေမယ့် လေဖြတ်တဲ့ဝေဒနာကို သေချာစွာကုသမှုမရရှိခြင်းကြောင့် သေဆုံးတယ်လို့တော့ ပြောလို့ရတယ်အခြေအနေပါ။”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက်ထွန်းဦးက Tachileik News Agency ကိုပြောသည်။

ဦးရဲအောင်သည် အကျဉ်းထောင်တွင်း ဖမ်းဆီးခံထားရစဉ် စက်တင်ဘာလ(၂၇)ရက်နေ့တွင် လေဖြတ်သွားသည့်အတွက် ထောင်တွင်းဆရာဝန်အင်အားလောက်ငှမှုမရှိ၍ ထောင်ပြင်ပသို့ ပို့ဆောင်ကုသမှုခံယူခဲ့ရပြီး အဆိုပါ လေဖြတ်ရောဂါဝေဒနာကို ကုသမှုခံယူနေရင်း ကျဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။ 

“လက်ရှိ အကျဉ်းထောင်တွေမှာ ဆေးဝါးလုံလောက်စွာ စောင့်ရှောက်မှုမရရှိဘူးဆိုတဲ့အခြေအနေကို အသက်တွေကိုပေးပြီးမှ သက်သေပြနေရတဲ့အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်သူတွေအပါအဝင် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့အစည်းတွေ အနေနဲ့ကော၊ ကုလသမဂ္ဂနဲ့ အာဆီယံဒေသတွင်းအဖွဲ့အစည်းတွေကော ထောင်တွင်းဆေးဝါးရရှိဖို့ ကြိုးစားပေးကြဖို့ တိုက်တွန်းလိုပါတယ်။”ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

၂၀၂၄ ခုနှစ်အတွင်း ထောင်တွင်းဆေးဝါးစောင့်ရှောက်မှုမလုံလောက်၍ ကျဆုံးသူ နိုင်ငံရေးအကျဉ်းသား (၁၅)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) သည် မြန်မာပြည်အနှံ့ရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် စစ်ကောင်စီ၏ ဖိနှိပ်မှုများကို အချက်အလက်နှင့်တကွ စုံစမ်းဖော်ထုတ်ပေးနေသည့် အဖွဲအစည်းတစ်ခုဖြစ်သည်။

#TachileikNewsAgency