မိုင်းပျဉ်းမြို့နယ်အတွင်း RCSS နှင့် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲတွင် သိမ်းဆည်းခံလိုက်ရသည့် သေနတ်(၃)လက်ကို စစ်ကောင်စီတပ်က အသည်းအသန် ပြန်တောင်းပြီးနောက် နေရာ(၂)နေရာတွင် တပ်စွဲထား

မိုင်းပျဉ်းမြို့နယ်အတွင်း RCSS နှင့် ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲတွင် သိမ်းဆည်းခံလိုက်ရသည့် သေနတ်(၃)လက်ကို စစ်ကောင်စီတပ်က အသည်းအသန် ပြန်တောင်းပြီးနောက် နေရာ(၂)နေရာတွင် တပ်စွဲထား
အောက်တိုဘာ 16, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ မိုင်းပျဉ်းမြို့နယ်အတွင်း  အာဏာသိမ်းစစ်ကောင်စီတပ် နှင့် လားဟူပြည်သူ့စစ် ပါဝင်သည့်  ပူးပေါင်းအဖွဲ့နှင့် RCSS တို့ ထိပ်တိုက်တွေ့သည့် တိုက်ပွဲနောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီတပ်ဘက်က တိုက်ပွဲအတွင်း သိမ်းဆည်းခံလိုက်ရသည့် လက်နက်များကို RCSS ထံက အသည်းအသန် ပြန်တောင်းပြီးနောက် နေရာ(၂)နေရာတွင် ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့အထိ တပ်စွဲထားကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ် ယမ်းခမ်းကျေးရွာအုပ်စုအတွင်း နားညောင်ကျေးရွာအနီး ကြောင်ကျိန်ကျေးရွာ ဧရိယာတွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၉)ရက်နေ့ နံနက်(၁၁)နာရီ ဝန်းကျင်အချိန်က စပြီး နာရီဝက် နီးပါးကြာ RCSS/SSA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ် နှင့် လားဟူပြည်သူ့စစ် ပါဝင်သည့်  ပူးပေါင်းအဖွဲ့ဘက်က (၅)ဦး သေပြီး လားဟူပြည်သူ့စစ် (၃)ဦးကို RCSS ဘက်က အရှင်ဖမ်းမိသလို သေနတ်(၃)လက်ကိုလည်း သိမ်းဆည်းရရှိခဲ့ခြင်း ဖြစ်သည်။

RCSS ဘက်က အရှင်ဖမ်းမိလိုက်သည့် စစ်ကောင်စီတပ်၏ လက်အောက်ခံ လားဟူပြည်သူ့စစ် (၃)ဦးနှင့် ပတ်သက်ပြီး ပြန်လွတ်ပေးရန် စစ်ကောင်စီတပ်နှင့်ပြည်သူ့စစ်အဖွဲ့ဘက်က အကြိမ်ကြိမ် ညှိနှိုင်းလာမှုကြောင့် RCSS ဘက်က စက်တင်ဘာလ (၂၁)ရက်နေ့တွင် ပြန်လွတ်ပေးလိုက်သော်လည်း စစ်ကောင်စီတပ်၏ သေနတ်(၃)လက်ကို ပြန်မထည့်ပေးဘဲ သိမ်းဆည်းထားသည့်အတွက် စစ်ကောင်စီတပ်ဘက်က သိမ်းဆည်းခံထားရသည့် သေနတ်များကို ပြန်လည်ရရှိရန် အသည်းအသန် အကြိမ်ကြိမ် ညှိနှိုင်းမှုများ ပြုလုပ်သလို သေနတ်ပြန် မပေးပါက လက်ရှိ တပ်စွဲထားသည့် နေရာကနေ ဆုတ်ခွာမည်မဟုတ်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း သိမ်းဆည်းခံထားရသည့် သေနတ်များကို RCSS ထံက ပြန်လည်ရရှိရေးအတွက် မိုင်းပျဉ်းနယ်မြေခံတပ်က ရှမ်းတိုင်းရင်းသားအချင်းချင်း အသုံးချသည့်အနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးစိုင်းထွန်းစိန်ကနေ တဆင့် ပြောဆို တောင်းရမ်းခိုင်းသည့်အတွက် ဦးစိုင်းထွန်းစိန်မှာ စစ်ကောင်စီတပ်က ခိုင်းသည့်အတိုင်း ရပ်မိရပ်ဖများနှင့် တွေ့ဆုံပြီး တောင်းရမ်းပေးရသလို ပြည်သူ့စစ်အဖွဲ့အချို့၏ အကူအညီများကိုလည်း ရယူခဲ့ရသည်ဟု သိရသည်။

"တိုက်ပွဲဖြစ်ပြီး တစ်ပတ်လောက်မှာ ကြံ့ခိုင်ရေး အမတ် ဦးစိုင်းထွန်းစိန်က ရပ်မိရပ်ဖတွေကနေ တဆင့် RCSS ဘက်က သိမ်းထားတဲ့ သေနတ်(၃)လက်ကို ပြန်ပေးဖို့နဲ့ ပြန်ပေးပြီးရင်လည်း တပ်ဆုတ်မယ်ဆိုတာကို တဆင့်ပြောပေးကြပါဆိုပြီး မေတ္တာရပ်ခံခိုင်းတယ်။"ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

စစ်ကောင်စီတပ်ဘက်က သိမ်းဆည်းခံထားရသည့် သေနတ်(၃)လက်ကို ပြန်လည်ရရှိရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ချဉ်းကပ်တောင်းရမ်းလာသည့်အတွက် RCSS ဘက်က လက်နက်များကို ပြန်လည်ပေးလိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်က တပ်စွဲထားသည့်နေရာကနေ ဆုတ်ခွါသွားသော်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့် မနီးမဝေး နေရာ (၂)နေရာတွင် တပ်စွဲထားကြောင်း သိရသည်။



"လက်နက်ကိုတော့ RCSS က ပြန်ပေးလိုက်ပါပြီ။ လက်ရှိ သူတို့ထပ်ပြီးတော့ နေရာ(၂)နေရာမှာ တပ်စွဲထားတယ်။ အရင်တုန်းက မိုင်းပုအွန်ကျေးရွာအုပ်စုထဲမှာ တပ်စွဲထားတာမရှိဘူး။ အခုတော့ တပ်တွေက မိုင်းပုအွန်ကျေးရွာအုပ်စု နားညောင်း နဲ့ ကြောင်ကျိန်ကျေးရွာအနီး ဝမ်လွယ်လို့ ခေါ်တဲ့ ရွာမှာ တပ်စွဲထားတယ်။ နောက် တစ်တပ်က ယမ်းခမ်းကျေးရွာအုပ်စု နားညောင်ကျေးရွာအနီးမှာ တပ်စွဲထားတယ်။"ဟု ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သည် ကျိုင်းတုံ  - တာချီလိတ်သို့ ဦးတည်လာသည့် ရောင်းရန်တင်မောင်းလာသော လိုင်စင်မဲ့ အရောင်းကားများနှင့် ပတ်သက်၍လည်း ကားပွဲစားများထံက ခေါင်းပုံဖြတ်ခြင်း နှင့် ၎င်းတို့ ကောက်ခံသည့် ငွေကြေးမပေးပါက ကားပါ သိမ်းလေ့ရှိသည့်အပြင် တဖက်ကလည်း RCSS ၏ လှုပ်ရှားမှုများကို အမြဲစောင့်ကြည့်နေကြောင်း သိရသည်။ 

"အခုဆိုရင် မိုင်းပျဉ်းမြို့ထဲကနေ မိုင်းပုအွန်ကျေးရွာအုပ်စုဘက်ကို သွားမယ်ဆိုရင်တော့ စစ်ဆေးရေး ဂိတ်(၃)ဂိတ် ဖြစ်သွားပြီ။ (၁၄)မိုင်အတွင်းမှာ ဂိတ်(၃)ဂိတ်ထားတယ်ဆိုတော့ စစ်ကောင်စီတပ်ဘက်က ကြောက်နေတာဖြစ်မယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

 

မိုင်းပျဉ်းမြို့နယ်အတွင်း ရပ်ကွက် နှင့် ကျေးရွာအုပ်စုများအနက် ကျေးရွာအုပ်စု စုစုပေါင်းမှာ (၂၄)စုရှိပြီး တိုင်းရင်းသားလူမျိုးအများဆုံးအနေဖြင့် ရှမ်းတိုင်းရင်းသား နှင့် လားဟူတိုင်းရင်းသား အများဆုံး နေထိုင်သည့် ဒေသဖြစ်ရာ စစ်ကောင်စီတပ်သည် လားဟူပြည်သူ့စစ်များကို ၎င်းတို့အတွက် အရန်အင်အားအဖြစ် ခေါ်ယူအသုံးချလျှက်ရှိကြောင်းလည်း သိရသည်။

 

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော်( RCSS/SSA ) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အာဏာသိမ်းကာလအတွင်း၌ စစ်ကောင်စီတပ်ကို အခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ အခွင့်အရေးကို အရယူကာ ထိထိရောက်ရောက် တိုက်ခိုက်တော်လှန်ခြင်းမရှိသည့် တပ်ဖွဲ့ဖြစ်သည်။

စစ်အာဏာရှင် အမြစ်ပြတ်ကျဆုံးရေးတွင် အခြားတော်လှန်ရေးတပ်ဖွဲ့များကဲ့သို့ ပါဝင်ဆင်နွှဲခြင်း မရှိသော်လည်း RCSS လှုပ်ရှားရာ နယ်မြေဖြစ်သည့် မိုင်းပျဉ်းမြို့နယ်အတွင်း၌ စစ်ကောင်စီတပ်က RCSS ၏ လှုပ်ရှားမှုများကို အမြဲစောင့်ကြည့်နေပြီး လက်နက် အင်အား လူအင်အားဖြင့် နေရာအသီးသီးတွင် တပ်စွဲထားမှုများ လုပ်ဆောင်ထားသလို စစ်ကောင်စီတပ်ဘက်က ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းလိုက်သည်နှင့် တပြိုင်နက် စစ်ကောင်စီလက်အောက်တွင် မဝင်လိုသည့် ရှမ်းတိုင်းရင်းသားလူငယ်များက RCSS သို့ ဝင်ရောက်လာသည့်အတွက် တပ်သားသစ် အဆမတန် တိုးမြှင့်လာကြောင်း သိရသည်။