မြိတ်မြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးပြီး စစ်မှုထမ်းစေခိုင်းခံရသူ ၅ ဦး မြိတ်ပကဖထံ အလင်းဝင်

မြိတ်မြို့နယ်တွင် စစ်ကောင်စီက မတရားဖမ်းဆီးပြီး စစ်မှုထမ်းစေခိုင်းခံရသူ ၅ ဦး မြိတ်ပကဖထံ အလင်းဝင်
အောက်တိုဘာ 15, 2024 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း မြိတ်မြို့နယ်တွင် စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး စစ်မှုထမ်းစေခိုင်းခံရသူ (၅)ဦး အလင်းဝင်ရောက်ခိုလှုံကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

မြိတ်မြို့နယ် ခလရ (၁၀၃) တပ်ရင်း တုံဗျောကြီးစခန်းမှ စစ်မှုထမ်း အပတ်စဉ် (၁) တပ်ဖွဲ့ဝင်တဦးသည် MA-2 တစ်လက်၊ လက်ပစ်ဗုံး (၂) လုံး၊ ကျည် (၁၈၄)တောင့်နှင့်အတူ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၁)ရက်နေ့တွင် မြိတ်ပကဖထံသို့ အလင်းဝင်ရောက် ခိုလှုံခဲ့ကြောင်း သိရသည်။



                   

ထို့အပြင် ကော့သောင်းမြိုနယ် အခြေစိုက်ခမရ (၄၃၁) တပ်ရင်းမှ တပ်ဖွဲ့ဝင် (၃) ဦးသည် မြိတ်မြို့ ခလရ (၁၀၃) တပ်ရင်းမှ တဆင့်ထွက်‌ပြေးပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့တွင် မြိတ်ပကဖထံသို့ လာရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်ဖွဲ့ဝင်များသည် ဧရာဝတီတိုင်း ဓနုဖြူမြို့မှ တစ်ဦးနှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့မှ နှစ်ဦးဖြစ်ပြီး စစ်မူထမ်းမဲပေါက်၍ စစ်ကောင်စီတပ်သို့ ဝင်ရောက်ခဲ့ရသူများဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ မတရားဖမ်းဆီးခံရပြီး တပ်သားသစ်စုဆောင်းခံရသူတဦးသည် တိုက်/စည်း (ရွှေဒူး) တပ်မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁၁)ရက်နေ့တွင် ထွက်ပြေးခဲ့ပြီး အောက်တိုဘာလ (၁၃)ရက်နေ့တွင် မြိတ်ပကဖအဖွဲ့ထံ လာရောက်ခိုလှုံခဲ့ကြောင်း သိရသည်။

၎င်းသည် မြိတ်မြို့တွင် လုပ်အားခရှင်းပြီး အိမ်အပြန်လမ်းလျှောက်လာရာ ညနေ (၅) နာရီခွဲဝန်းကျင်တွင်  စစ်ကောင်စီတပ်၏ ခြိမ်းခြောက်ဖမ်းဆီးခြင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။



                  

စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် အမှန်တရားကို သိမြင်၍ ဆက်သွယ်ခိုလှုံလာသူများကို လုံခြုံနွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ထားပေးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က အသိပေးထားသည်။

#TachileikNewsAgency

Photo: မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ မြိတ်