ဘူးသီးတောင်မြို့နယ်အတွင်း ARSA လက်နက်ကိုင်အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

ဘူးသီးတောင်မြို့နယ်အတွင်း ARSA လက်နက်ကိုင်အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး သေဆုံး

 အာရက္ခဒေသ၊ ဘူးသီးတောင်မြို့တွင် လူပျောက်ရှာဖွေရန် ထွက်လာသည့် DLEPS ၏ အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ တပ်ဖွဲ့ဝင်များအား ARSA လက်နက်ကိုင်အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကြောင့် တစ်ဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း အာရက္ခတပ်တော် ( AA ) မှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ( ၈ ) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့၊ နံနက် (၈) နာရီခန့်တွင် ဘူးသီးတောင်မြို့၊ အမှတ် (၂) ရပ်ကွက်၊ ရွာသစ်တွင်နေထိုင်ကြသည့် ဒေသခံနှစ်ဦးသည် ဘူးသီးတောင်မြို့နယ် ဂုံးနားကျေးရွာဘက်သို့ ဝါးခုတ်ရန် ထွက်သွားခဲ့ကြကြောင်း သိရသည်။

၎င်းတို့နှစ်ဦးသည် နေ့လယ်အချိန်အထိ အိမ်ပြန်ရောက်ရှိခြင်း မရှိသဖြင့် ဘူးသီးတောင်မြို့နယ်၊ ရွာမကျေးရွာရှိ အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုအဖွဲ့ထံသို့ အကြောင်းကြားခဲ့ရာ အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင် ( ၃ ) ဦးတို့သည် ပျောက်ဆုံးနေသူနှစ်ဦးအားရှာဖွေရန် နေ့လယ် (၁) နာရီ (၃၀) မိနစ်တွင် ထွက်လာကြကြောင်း သိရသည်။

ထွက်လာ၍ (၅) မိနစ်အကြာ၊ နေ့လယ် (၁) နာရီ (၃၅) မိနစ်ခန့်တွင် ဘူးသီးတောင်မြို့နယ်၊ ဂုံးနားမူဆလင်ကျေးရွာ အဝင်ဝအနီးသို့ ရောက်ရှိချိန်၌ ARSA လက်နက်ကိုင်အဖွဲ့၏ ခြုံခိုတိုက်ခိုက်မှုကို ခံရ၍ လုံခြုံရေးတပ်ဖွဲ့ဝင် ( ၁ ) ဦးမှာ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် သေနတ်ကျည် ထိမှန်ကာကျဆုံးပြီး ၊ ကျန်နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်မှာလည်း အဆိုပါ ခြုံခိုတိုက်ခိုက်ခံရသည့်နေရာ၌ပင် မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း သိရသည်။

ခြုံခိုတိုက်ခိုက်ခဲ့သော ARSA လက်နက်ကိုင်အဖွဲ့အား အာရက္ခပြည်သူ့လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာရက္ခတပ်တော်တို့သည် လိုက်လံဖမ်းဆီးလျက်ရှိပြီး ၊ ပျောက်ဆုံးနေသူ ရွာသား နှစ်ဦးအားလည်း လိုက်လံရှာဖွေလျက်ရှိကြောင်း အာရက္ခတပ်တော် ( AA ) က ဆိုသည်။

အာရက္ခဒေသအတွင်း မည်သည့် အကြမ်းဖက်အဖွဲ့ကိုမှ အခြေချခွင့် ပြုမည်မဟုတ်သကဲ့သို့ အကြမ်းဖက်သမားနှင့် အကြမ်းဖက်အဖွဲ့အစည်းတိုင်းကို ရှင်သန်ခွင့်မပြုဘဲ အမြန်ဆုံးနှိမ်နင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် ( AA ) မှ အသိပေးထားသည်။