ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့တွင်း၌ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် ရေပြန်ကျသွားပြီဖြစ်သော်လည်း အောင်ပန်းမြို့ လွယ်မောရွာတွင် ရေကြီးနေကာ လူတစ်ဦး သေဆုံးမှုရှိနေပြီး ကူအညီများလည်း လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
လွယ်မောရွာတွင် အိမ်ခြေ(၁၅)အိမ်ဝန်းကျင် လူဦးရေ (၁၀၀)ခန့် နေထိုင်ပြီး ယနေ့ အောက်တိုဘာလ (၂)ရက်နေ့အထိ ရေနစ်မြုပ်နေ၍ အကူအညီများလိုအပ်နေသည်ဟု ဆိုသည်။
"ဒေသခံတွေ လမ်းပေါ် တက်နေရတယ်။ အလှူရှင်တွေ မသိသေးတဲ့ ရွာမို့လို့ လာကူပေးကြပါဦး။ အောင်ပန်း မြောက်ဖက်ကရွာပါ။"ဟု ဒေသခံတစ်ဦးက ပြောသည်။
ယမန်နေ့က မိုးများပြီး ကလောမြို့တွင်းသို့ ရေပြန်ဝင်ရောက်လာခြင်းကြောင့် ဒေသခံများ ပစ္စည်းများ ပြန်လည်ရွှေ့ပြောင်းခဲ့ကြရသည်။
တောင်ကျရေသည် ကလောမြို့တွင်း၏ ရပ်ကွက်(၃)၊ ရပ်ကွက်(၄)၊ ရပ်ကွက်(၂)နှင့် စခန်းသာတို့အထိ ရေဝင်ရောက်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် ရေပြန်ကျသွားပြီဖြစ်ကြောင်း သိရသည်။
ပုံအညွှန်း - ကလောမြို့တွင်း ရေပြန်ကျသွားပုံ နှင့် အောင်ပန်းမြိူ့ လွယ်မောရွာ ရေနစ်မြုပ်နေမှု၏ အခြေအနေ
#TachileikNewsAgency