တာချီလိတ်မြို့၏ ရေဘေးသင့် ပြည်သူများထံ ထိုင်းအဆိုတော်သရုပ်ဆောင် ကိုယ်တိုင် လာရောက် ထောက်ပံ့လှူဒါန်း

တာချီလိတ်မြို့၏ ရေဘေးသင့် ပြည်သူများထံ ထိုင်းအဆိုတော်သရုပ်ဆောင် ကိုယ်တိုင် လာရောက် ထောက်ပံ့လှူဒါန်း
စက်တင်ဘာ 24, 2024 | ရှမ်းရှေ့

ရေကြီးရေလျှံမှုကို အဆိုးရွားဆုံး ခံနေရသည့် တာချီလိတ်မြို့မှ ရေဘေးသင့်ပြည်သူများအတွက် ထိုင်းအဆိုတော်သရုပ်ဆောင်က ထောက်ပံ့ပစ္စည်းမျိုးစုံ (၆)ဘီးကား တစ်စီးစာ လာရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုင်းအဆိုတော်သရုပ်ဆောင် ဖြစ်သူ လုံဖိကာတိုဟု လူသိများသည့် ဖုန်စကော် ကန်ကရောက် (พี่หลวงกาโตะ)သည် ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်းနှင့် ချိတ်ဆက်ပြီး လာရောက် လှူဒါန်းခြင်း ဖြစ်သည်။

"သူက တာချီလိတ်ရေဘေးသင့်ပြည်သူတွေကို လှူချင်တယ် ဘယ်လို ချိတ်ဆက်ရမလဲ မသိတာနဲ့ အင်တာနက်မှာ ရှာကြည့်လိုက်တော့ ကျွန်တော်တို့ အသင်းကို တွေ့ပြီး ချိတ်ဆက်လာတာပါ။ ထောက်ပံ့ပစ္စည်းတွေ (၆)ဘီးကားနဲ့ တစ်စီးစာပဲ။ အောင်မြတ်ခန်းမမှာ (၃)ပုံ (၁)ပုံလှူပြီးတော့ မယ်ခေါင်နဲ့ ဆန်ဆိုင်းမှာ လက်ဝယ်အရောက် သူကိုယ်တိုင် သွားရောက် လှူဒါန်းပေးခဲ့ကြပါတယ်"ဟု မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက Tachileik News Agency ကို ပြောပြသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့က မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ကိုယ်တိုင်လာရောက် လှူဒါန်းသူ ထိုင်းအဆိုတော်သရုပ်ဆောင် ဖုန်စကော် ကန်ကရောက် သည် ကာတိုဟု လူသိများသူဖြစ်သလို ၎င်းသည် အနုပညာလောကသို့ ခြေစုံပစ်မဝင်မီက သာသနာ့ဘောင်တွင်ရှိနေပြီး ကျောင်းထိုင်ဘုန်းကြီးအဖြစ် သာသနာပြုရာတွင်လည်း တရားဟောကောင်း၍ လုံဖိကာတို ဟုလည်း ကျော်ကြားခဲ့သည်။

၎င်းသည် ယခု ရေဘေးကာလအတွင်း မြန်မာနိုင်ငံ တာချီလိတ်မြို့ တစ်ခုတည်းကို လှူဒါန်းခြင်းမဟုတ်ဘဲ ၎င်း၏ နိုင်ငံအတွင်း ထိုင်းနိုင်ငံမြောက်ပိုင်းမှ ရေဘေးသင့် ပြည်သူများကိုလည်း လှူဒါန်းကြောင်းလည်း သိရသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မြန်မာနိုင်ငံသားများ စုပေါင်း၍ ၂၀၁၃ခုနှစ်ကတည်းက တည်ထောင်ထားသည့် မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်းထံသို့ ထိုင်းဒေသ အာဏာပိုင်များနှင့် ထိုင်းနိုင်ငံအတွင်းမှ စေတနာရှင်များက မယ်ဆိုင်မြို့တွင်းမှ ရေဘေးသင့် မြန်မာများ အပါအဝင် တာချီလိတ်မြို့နယ်အတွင်းမှ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းပေးနိုင်ရန်  ချိတ်ဆက်လာကြကြောင်း သိရသည်။

"ဒီလကုန်ရင် ထိုင်းနိုင်ငံ ဖူးခက်ဘက်က လုပ်ငန်းရှင် အလှူရှင်တွေကလည်း ကား(၁၀)စီးစာနဲ့ တာချီလိတ်ဘက်ကို သွားလှူမယ်ဆိုပြီး ချိတ်ဆက်ထားတာရှိသေးတယ်"ဟု ၎င်းက ဆက်ပြောသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား ၂၀၂၄ခုနှစ် စတင်ဘာလ (၁၀)ရက်နေ့က စပြီး ရေကြီးရေလျှံမှု ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီးနောက် နှစ်ဖက်စလုံးမှာ ရေဘေးသင့်ခဲ့ရသည့် ပြည်သူများပြားခဲ့သလို ဆုံးရှုံးမှု တန်ဖိုးမှာလည်း ကြီးမားခဲ့ရသည်။

မယ်ဆိုင်ဘက်တွင် လှူဒါန်းသူများရှိနေပြီး သက်ဆိုင်ရာများက အကောင်းဆုံး စီစဉ်ပေးထားနိုင်သော်လည်း တာချီလိတ်မြို့တွင် ရေဘေးသင့်ပြည်သူများအပေါ် လောက်ငှရန် မစီစဉ်ပေးနိုင်သည့်အတွက် အကူအညီများမှာ ယနေ့ စက်တင်ဘာလ(၂၄)ရက်န့အထိ လိုအပ်နေဆဲ ဖြစ်သည်။

#TachileikNewsAgency

Photo: မယ်ဆိုင် လူမှုဂရုဏာလူမှုကူညီရေးအသင်း, วิชัย ศรีพธูราษฎร์