မြင်းခြံမြို့နယ် ခြေဆေးရွာကို စစ်ကောင်စီဗုံးကြဲရာ အမျိုးသမီးတစ်ဦးသေဆုံး ၃ ဦးဒဏ်ရာ

မြင်းခြံမြို့နယ် ခြေဆေးရွာကို စစ်ကောင်စီဗုံးကြဲရာ အမျိုးသမီးတစ်ဦးသေဆုံး ၃ ဦးဒဏ်ရာ

မန္တလေးတိုင်း မြင်းခြံမြို့တောင်ဘက် (၃)မိုင်ခန့်အကွာ ခြေဆေးကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ အမျိုးသမီးတစ်ဦး သေပြီး (၃)ဦး ဒဏ်ရာရကြောင်း သိရသည်။

အဆိုပါကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် စက်တင်ဘာလ (၂၂)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဖျက်အားပြင်းဗုံး (၃)လုံး ကြဲချကာ စက်သေနတ်နှင့်ပါ ပစ်ခတ်သွားခြင်းဖြစ်ကြောင်း သိရသည်။

“မနက်(၈)နာရီက တစ်ကြိမ်၊ နောက်(၁၀)နာရီကျော်မှာတစ်ကြိမ် (၂)ကြိမ်ကြဲပြီး စက်သေနတ်နဲ့ပါ ပစ်သွားပါတယ်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး။ အမျိုးသမီးတစ်ဦး သေတယ်။ (၃)ဦး ဒဏ်ရာရတယ်။ နွား(၂၈)ကောင်သေတယ်။”ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။



လက်ရှိတွင် ထိခိုက်ဒဏ်ရာရသူများအတွက် ဆေးဝါးကုသပေးရန် အကူအညီလိုအပ်နေပြီး ကူညီပေးကြရန်လည်း သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များက မေတ္တာရပ်ခံထားပြီး ဖုန်းလိုင်းအခက်အခဲကြောင့် အသေးစိတ်အချက်အလက်ကို Tachileik News Agency က ဆက်လက်မေးမြန်းထားဆဲဖြစ်သည်။

စက်တင်ဘာလ (၂၀)ရက်နေ့နှင့် (၂၁)ရက်နေ့ကလည်း ငါန်းဇွန်မြို့နယ် ငါန်းမြာကြီးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အသက်(၇)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ဒေသခံ (၁၂)ဦးနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၂)ဦးတို့ သေဆုံးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီသည် မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ငါန်းဇွန်မြို့နယ်တို့ကို ယခုရက်ပိုင်းတွင်း နေ့စဥ် ဆက်တိုက် လေယာဥ်နှင့် ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: CJ