စစ်ကိုင်းတိုင်း မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ကြေးနီနှင့် ကျောက်စိမ်းများ သယ်ဆောင်လာသည့် စစ်ကောင်စီရေယာဉ်များအား တော်လှန်ရေးပူးပေါင်းအဖွဲ့မှ ရှေ့ထွက်ပြောင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း Brave Heart Army (BHA) အဖွဲ့ထံမှ သိရသည်။
မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ကြေးနီနှင့် ကျောက်စိမ်းများ သယ်ဆောင်လာသည့် စစ်ကောင်စီရေယာဉ် (၁၉) စီးအား စက်တင်ဘာလ (၂၁) ရက်နေ့ မနက် (၁၀) နာရီခွဲဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရှေ့ထွက်ပြောင်းတိုက် (၇) ပွိုင့် (၁၄)လုံးဖြင့် နှစ်နေရာခွဲပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဗိုလ် (၁) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ရှိသည်ဟု ဖရဲသီးသတင်းအရ ပြန်လည်သိရှိရကြောင်း Brave Heart Army (BHA) အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီဘက်မှ လက်နက်ကြီး ၊ စက်လက်များနှင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိခဲ့ဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား Chindwin Fighter Group(C.F.G)၊ ဗန္ဓုလနှင့် အဖွဲ့သားများ နှင့် Brave Heart Army (BHA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒါ့အပြင် စက်တင်ဘာလ (၂၀) ရက်နေ့ကလည်း စစ်ကိုင်းတပ်မ(၃၃) မှ မုံရွာ နမခ သို့ ထွက်လာသည့် စစ်ကောင်စီကား (၃)စီးအား မုံရွာ-ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် Brave Heart Army(BHA) ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲ၍ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ကြောင်း သိရသည်။
#TachileikNewsAgency