လင်းခေး၊ မိုးနဲ၊ မောက်မယ်၊ မိုင်းပန်မြို့များ ဆက်လက်ရေကြီးနေပြီး အဆက်အသွယ်ပြတ်တောက်နေ

လင်းခေး၊ မိုးနဲ၊ မောက်မယ်၊ မိုင်းပန်မြို့များ ဆက်လက်ရေကြီးနေပြီး အဆက်အသွယ်ပြတ်တောက်နေ
စက်တင်ဘာ 20, 2024 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေး၊ မိုးနဲ၊ မောက်မယ်နှင့် မိုင်းပန်မြို့များ ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၀) ရက်နေ့အထိ ရေကြီးနေဆဲဖြစ်ကာ အဆက်အသွယ်မျာလည်း ပြတ်တောက်နေပြီး အခြေအနေဆိုးသည့် လွိုင်လင်နှင့် မိုင်းပွန်ကြား ခေါင်းနွဲ့တောင်ဘက်ကိုမူ အလှူရှင်များ လာရောက်လှူဒါန်းခြင်းမရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ခေါင်းနွဲ့တောင်ကတော့ အင်မတန်ဆိုးနေတယ်။ သွားလှူတဲ့အဖွဲ့ တစ်ဖွဲ့မှမရှိသေးဘူး။ လင်းခေး၊ မိုးနဲ၊ မောက်မယ်၊ အခုထိရေကြီးနေတုန်းပဲ။ နမ့်စန်ကတော့ ရေကျသွားပြီးပေါ့နော်။ ကျွန်တော်တို့ ဒီနေ့အထိ အဆက်အသွယ် ပြန်မရသေးဘူး။ သူတို့ဘက်မှာ ဖုန်းလိုင်းတွေပြတ်တောက်နေတယ်။”ဟု ကူညီပေးနေသည့် ဒေသခံတစ်ဦးက Tachileik News Agecy ကိုပြောသည်။

လင်းခေး၊ မိုးနဲ၊ မောက်မယ်နှင့် မိုင်းပန်မြို့များ၏ လက်ရှိအခြေအနေကိုမူ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်နေသဖြင့် သိရှိနိုင်ရန် ခက်ခဲနေသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၁၀)ရက်နေ့က လွိုင်လင်နှင့် မိုင်းပွန်ကြားရှိ တောင်ကြောကားလမ်း မြေပြိုကျကာ လမ်းပန်းဆက်သွယ်‌ရေးလည်း ပြတ်တောက်နေကြောင်း သိရသည်။

“လမ်းကတော့ ဆက်ပြီးတော့ ပိတ်နေတုန်းပဲ။ နောက်ထပ် ရက်(၂၀)လောက်ပိတ်ဦးမယ်။ ဘာလို့လည်းဆိုတော့ တောင်ပြိုသွားလို့၊ တောင်ပြိုသွားတဲ့ဟာကို အခုမှ လမ်းပြန်လုပ်နေတုန်းရှိသေးတယ်။ ကားတွေတက်လို့မရသေးဘူး။ လောလောဆယ်ပိတ်နေတာ(၁၀)ရက်လောက်တော့ရှိပြီပေါ့။”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရှမ်းတောင်တွင် အဆိုးဆုံးရေကြီးမှုဒဏ်ကို ခံခဲ့ရသည့် ကလောမြို့တွင်မူ နေအိမ်များ ရေနစ်မြှုပ်ပြီးနောက် နွံများ တင်ကျန်ခဲ့သဖြင့် ရှင်းလင်းရန် စေတနာ့ဝန်ထမ်းများ ထပ်မံလိုအပ်နေသည်ဟု ကူညီပေးနေသူများက ဆိုသည်။

“ကလောမှာ စေတနာ့ဝန်ထမ်းတွေလိုတယ်။ အိမ်တစ်လုံးကို သန့်ရှင်းရေးလုပ်မယ်ဆိုရင် စေတနာ့ဝန်ထမ်းတွေရဲ့ လုပ်အားခက တစ်ရက်ကို (၃)သိန်းဝန်းကျင်လောက်ကုန်တယ်။ ဒါတောင် ထမင်းစာရိတ်တွေမပါဘူး။ ငှားမယ် ဆိုရင်လည်း ဒီမှာလုပ်သားငှားဖို့ခက်ခဲနေတယ်။ အဲဒါကြောင့် စေတနာ့ဝန်ထမ်းတွေလိုနေတယ်။”ဟု ကူညီပေးနေသူတစ်ဦးက ပြောသည်။

နေအိမ်များအတွင် နွံများကိုဖယ်ရှားရန် စေတနာ့ဝန်ထမ်းများအား တတ်နိုင်သည့်အိမ်က ကိုယ့်တိုင်ငှားကြပြီး မတတ်နိုင်သည့်နေအိမ်များကိုမူ အလှူရှင်များက လူငှားထည့်ပေးပြီး ဖယ်ရှားရှင်းလင်းနေကြရသဖြင့် စက်ဆီဖိုး တစ်ရက်လျှင် (၄)သိန်းခွဲဝန်းကျင် ကုန်ကျသည်ဟု သိရသည်။ 

ညောင်ရွှေမြို့နှင့် အင်းလေးဒေသဘက်တွင်မူ အလှူရှင်များ၏ စားနပ်ရိက္ခာများ ရောက်သင့်သလောက် ရောက်ရှိကြပြီး ထပ်မံလှူဒါန်းသူများလည်းရှိနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : လွိုင်လင်နှင့် မိုင်းပွန်ကြား တောင်ပြိုမှုမြင်ကွင်း (ပုံဟောင်း)