တာချီလိတ်မြို့တွင်း လမ်းမကြီးပေါ် ကားပေါ်ကနေ တဖြုတ်ဖြုတ် ကျနေသည့် ရွှံ့နွံများကြောင့် ဆိုင်ကယ်များ စလစ်ဖြစ်ပြီး ဒဏ်ရာရ၍ ဆေးရုံ ဆေးခန်းသို့ ရောက်သည်အထိ ဖြစ်နေ

တာချီလိတ်မြို့တွင်း လမ်းမကြီးပေါ် ကားပေါ်ကနေ တဖြုတ်ဖြုတ် ကျနေသည့် ရွှံ့နွံများကြောင့် ဆိုင်ကယ်များ စလစ်ဖြစ်ပြီး ဒဏ်ရာရ၍ ဆေးရုံ ဆေးခန်းသို့ ရောက်သည်အထိ ဖြစ်နေ
စက်တင်ဘာ 20, 2024 | ရှမ်းရှေ့

 ရေကြီးရေလျှံမှုနှင့်အတူ ရွံ့နွံများရေနှင့်မျောလာပြီး တင်ကျန်ခဲ့သည့် တာချီလိတ်မြို့တွင်း၌ ရွှံ့နွံများရှင်းလင်းစဉ် ကားဖြင့် သယ်ဆောင်သွားရာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး တလျှောက် ဖိတ်စင်ပြုတ်ကျမှုများ ရှိရာကနေ တဆင့် ဆိုင်ကယ်များ စလစ်ဖြစ်ပြီး လဲကျကာ ဒဏ်ရာရပြီး ဆေးရုံဆေးခန်းအထိ ရောက်ကြရသည့် အဖြစ်များနှင့် ကြုံနေရသည်။ 

လမ်းပေါ်တွင် အများအပြား ပြုတ်ကျကျန်နေသည့် ရွှံ့နွံများကြောင့် ဆိုင်ကယ်များမှာ အကွေ့များတွင် စလစ်ဖြစ်ပြီး တိမ်းမှောက်ကြသလို တဖက် လမ်းကြောဘက် ကူးမောင်းစဉ်လည်း စလစ်ဖြစ်ပြီး တိမ်းမှောက်မှုများကြောင့် ဆေးရုံဆေးခန်းများအထိ ရောက်ကြရသည်များရှိနေကြောင်း သိရသည်။

"ရွံ့နွံနုန်းတွေကို ကားနဲ့သယ်သွားချိန် လမ်းမှာ ကျခဲ့တာ။ ဒီနေ့ ပြန်လာတော့ တစ်လမ်းလုံး ဆိုင်ကယ်မှောက်တာတွေ တွေ့ခဲ့ရတယ်။ (၈)စီးလောက်ရှိတယ်။ မျက်စိရှေ့တွေမှာ စလစ်ဖြစ်ပြီးမှောက်နေကြတာ။ ဒီနေ့လည်း ပုဂ္ဂလိကဆေးရုံတွေမှာ စလစ်ဖြစ်ပြီး ရောက်သွားတဲ့ လူကြီး နဲ့ ကလေးတွေ မနည်းဘူး"ဟု ဒေသခံ တစ်ဦးက ပြောသည်။

ယင်းသို့ ဖြစ်ပွားခြင်းမှာ အရှိန်မြင့်၍ မောင်းကြခြင်း မဟုတ်ဘဲ လမ်းပေါ်တွင် ကျကျန်ခဲ့သည့် ရွှံ့နွံများကြောင့် ဖြစ်သည်ဟု ဆိုသည်။

" တကယ်တော့ အရမ်းမောင်းလို့ မဟုတ်ဘူး ရွံ့နွံနုန်းတွေကြောင့် ကွေ့တာနဲ့ စလစ်ဖြစ်ပြီး မှောက်ကြတာ။ ရွံ့နွံနုန်းတွေကို သယ်တဲ့ ကားတွေပေါ်မှာ အခင်းတောင် မရှိဘူး။"ဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိတွင် တာချီလိတ်မြို့တွင်း၌ ပုန်းထွန်ရပ်ကွက်က စပြီး သယ်ဆောင်လာသည့် ရွှံ့နွံနုန်းများမှာ ကား၏ အောက်နှင့်ဘေးတို့တွင် ရွှံ့နွံနှင့်ရွှံ့ရေများ မကျရန်အတွက် မိုးကာသဖွယ် ထည့်သွင်းကာရံထားခြင်း မရှိသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် မြို့ပြင်အထိ ပြုတ်ကျကျန်ရစ်မှုများမှာ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်အထိ ဖြစ်ပေါ်နေကြောင်း သိရသည်။

"ပုန်းထွန်ဖက်ကနေ ရွံ့နွံနုန်းတွေ သယ်လာတဲ့ ကားတွေ ဟောင်လိတ်ဖက်အထိ လမ်းမှာတင် တစ်ဝက်လောက် ကျန်ခဲ့လို ကုန်နေပြီ၊ ရွှံ့တွေကို ကားနဲ့သယ်တဲ့အခါ မိုးကာစ တစ်ထည် ထည့်လိုက်ရင် အဆင်ပြေရဲ့သားနဲ့ဗျာ"ဟု ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

ရွံ့နွံများ သယ်ဆောင်သည့်ကားများကို သက်ဆိုင်ရာက စနစ်တကျ စီမံခြင်းမရှိပါ ဆိုင်ကယ်မောင်းသူများအနေဖြင့် သတိထားသွားလာကြရန် ဒေသခံ တစ်ဦးကလည်း အကြံပြုထားသည်။

"မနေ့ညနေကလည်း ကျွန်တော့်ရှေ့မှာ ဆိုင်ကယ်တစ်စီး စလစ်ဖြစ်ပြီး လဲသွားတာ ဆိုင်ကယ်ပေါ်မှာ ကလေးတစ်ယောက်ပါတယ်။ ဘာဖြစ်သွားလဲတော့ မသိလိုက်ဘူး။ လမ်းပေါ်မှာ တောက်လျှောက် ရွံ့တွေကျနေခဲ့တာ ဆိုင်ကယ်မောင်းသူတွေ နေ့ပိုင်းဖြစ်ဖြစ် ညပိုင်း ဖြစ်ဖြစ် သတိထားမောင်းမှ သတိထားကွေ့မှ အဆင်ပြေလိမ့်မယ်။"ဟု ဒေသခံ တစ်ဦး အမျိုးသားကြီးတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် အဆိုးရွားဆုံး ရေကြီးရေလျှံမှုနှင့်အတူ ရွှံ့နွံများ ဖုံးလွှမ်းသွားမှုကြောင့် ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၂၀)ရက်နေ့အထိ ဆက်လက်ရှင်းလင်းနေရဆဲဖြစ်သည်။