မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ နှင့် မယ်ဆိုင်အကြား သွားလာနေသည့် ကား/ဆိုင်ကယ်များ အနေဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားလာရာတွင် ပြုလုပ်ရသည့် စလစ်နှင့်ပတ်သက်ပြီး ရေကြီးရေလျှံမှုများကြောင့် မယ်ဆိုင်ဘက်က ရက်လွန်ဒဏ်ကြေးကို ယခုကာလအတွင်း မယူတော့သလို ထိခိုက်ပျက်စီးနေသည့် ကားဆိုင်ကယ်များကိုလည်း ပုံရိုက်လာပြီး စလစ်စာရွက် အပ်နှံခြင်းများ ပြုလုပ်နိုင်ကြောင်း မယ်ဆိုင်အကောက်ခွန်ဦးစီးဌာနထံက သိရသည်။
တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားပေါ်ကနေ ကားနှင့်ဆိုင်ကယ်များ ပြန်လည် သွားလာမှုကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့က စပြီး ရရှိနေပြီဖြစ်ရာ ကား/ဆိုင်ကယ်များ၏ စလစ်များ အပ်ရာတွင်လည်း ယခုကာလသည် ရေကြီးရေလျှံမှုကြောင့် အခက်အခဲများနှင့်အတူ တံတားပေါ်က သွားလာ၍ မရသည့် ဖြစ်စဉ်များ ရှိခဲ့ခြင်းကြောင့် ရက်လွန်ဒဏ်ကြေး မကောက်ခံတော့သလို ဖြေလျော့မှုများပေးထားကြောင်း သိရသည်။
ကား/ဆိုင်ကယ်များ၏ စလစ်များကို အပ်ရာတွင် ကား/ဆိုင်ကယ်များကို ယူဆောင်လာရမည် ဖြစ်သော်လည်း ရေကြီးရေလျှံပြီး နစ်မြုပ်နေမှုကြောင့်သော် လည်းကောင်း၊ ရွံ့နွံအကြား မြုပ်နေမှုကြောင့်သော် လည်းကောင်း၊ အဆောက်အဦးပြိုကျပြီး ပိတ်မိကာ ပျက်စီးနေ၍သော် လည်းကောင်း၊ သစ်ပစ်သစ်ကိုင်းနှင့် လျှပ်စစ်မီးတိုက် ကျိုးကျပြိုလဲမှုတို့ကြောင့်သော် လည်းကောင်း အဆိုပါ ယာဉ်များကို ဖုန်းဖြင့် ပုံရိုက်ပြီး စလစ်အပ်နိုင်မည်ဟု မယ်ဆိုင်အကောက်ခွန်ဦးစီးဌာန ထံက သိရသည်။
"ဘာမှ မဖြစ်တဲ့ ကား/ဆိုင်ကယ်တွေကိုတော့ စလစ်အပ်တဲ့အခါ အသစ်လုပ်တဲ့အခါ ယူလာရမယ်။ အဲ့လိုမဟုတ်ဘဲ ရွံ့နွံထဲမှာ နစ်မြုပ်နေတာတို့ ရေကြီးရေလျှံမှုကြောင့် မြုပ်နေပြီး ပျက်စီးနေတာတို့ အပြင် အဆောက်အဦးပြိုပြီး ပိမိပြီး ပျက်စီးနေတာတို့ဆိုရင် ယူလာလို့မရတဲ့ အခြေအနေဆိုတော့ အဲ့ဒါကို ဖုန်းနဲ့ ပုံရိုက်သွားပြီး စလစ်စာရွက် အပ်လို့ရတယ်"ဟု မယ်ဆိုင်အကောက်ခွန်ထံ ဆက်သွယ်မေးမြန်းထားသူက Tachileik News Agency သို့ ပြန်လည် ပြောပြသည်။
ရေကြီးရေလျှံမှုကြောင့် စလစ်စာရွက် ပျက်စီးသွားသည်ဖြစ်စေ ရေထဲမျောပါသွားသည် ဖြစ်စေ မိမိ၏ ကား/ဆိုင်ကယ်တို့ကို ယူသွားပြီး အကျိုးအကြောင်းပြောပြကာ လုပ်ဆောင်နိုင်ကြောင်းလည်း အသိပေးထားသည်။
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများကြုံခဲ့ရသည့်အတွက် မယ်ဆိုင် နှင့် တာချီလိတ်အကြား နှစ်ဖက် ပြည်သူအဆင်ပြေရေး မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်ကနေ မယ်ဆိုင်ဘက်က မယ်ဆိုင်အကောက်ခွန်ဦးစီးဌာနက ၎င်းတို့နှင့်သက်ဆိုင်သည်များကို ဖြေလျော့ပေးခြင်း ဖြစ်ကြောင်း သိရသည်။