ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း လူသေဆုံးမှုရှိသည်အထိ ရေကြီးမှုကြောင့် နေအိမ်များစွာ ထိခိုက်ပျက်စီးပြီး လူ(၅၀၀)ကျော် ရေဘေးသင့်ခဲ့ရ၍ အကူအညီများစွာ လိုအပ်နေ

Photo: Kayan Literature and Culture Committee
Photo: Kayan Literature and Culture Committee
ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း လူသေဆုံးမှုရှိသည်အထိ ရေကြီးမှုကြောင့် နေအိမ်များစွာ ထိခိုက်ပျက်စီးပြီး လူ(၅၀၀)ကျော် ရေဘေးသင့်ခဲ့ရ၍ အကူအညီများစွာ လိုအပ်နေ
စက်တင်ဘာ 18, 2024 | ရှမ်းတောင်

ရှမ်း - ကယားနယ်စပ် ရှမ်းပြည်နယ်တောင်ပိုင်းဒေသ ဖယ်ခုံမြို့နယ်အတွင်း ကျေးရွာ အများအပြားတွင် တောင်ကျရေနှင့်အတူ ရေကြီးရေလျှံပြီး မြေပြိုမှုများကြောင့် နေအိမ်များ ထိခိုက်ပျက်စီးကာ လူ(၃)ဦး သေဆုံးသွားကြောင်းနှင့် ဒေသခံ (၅၀၀)ကျော် ရေဘေးသင့်ခဲ့ရကြောင်း သိရသည်။

" ဖယ်ခုံမြို့နယ်ထဲမှာ ရေဘေးထိတာ အများကြီးရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့နဲ့ အဆက်အသွယ်နဲ့ သတင်းရတာကတော့ သိကျိတ်၊ ကံဆန်းထက် ( နတ်ကြီးစခန်း)၊ ကာဘ‌လော့တို့ ဒါကတော့ ဖယ်ခုံမြို့နယ်ထဲပေါ့။ ဒီပြင် ဖယ်ခုံမြို့နယ်ထဲက တခြားတွေမှာလည်း အများကြီး ပျက်စီးတာရှိတယ်။"ဟု ဖယ်ခုံမြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများကို ကူညီပေးနေသည့် ကယန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ယနေ့ ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၈)ရက်နေ့တွင် ပြောပြသည်။

ဖယ်ခုံမြို့နယ်အတွင်း တောင်ကျရေနှင့်အတူ ရေကြီးရေလျှံပြီး မြေပြိုမှုများကြောင့် နေအိမ်များစွာ နှင့် လယ်ယာစိုက်ခင်းများစွာ ထိခိုက်ပျက်စီးသည်အနက်  ကံဆန်းထက် ( နတ်ကြီးစခန်း) နှင့် သိကျိတ်ကျေးရွာတို့မှာ အဆိုးရွားဆုံးဖြစ်ကြောင်း သိရသည်။

"ပျက်စီးတာတွေအများကြီးရှိတယ် တောင်ကျရေကြောင့် အပင်တွေလဲ အဓိက ပျက်စီးတယ်။ အိမ်တွေအများဆုံး ပျက်စီးတာကတော့ နတ်ကြီးစခန်းပေါ့။ နောက် သိကျိတ်လည်း အဆိုးဆုံးပေါ့။  နတ်ကြီးစခန်းနဲ့သိကျိတ်ရွာတို့ ကတော့ အဆိုးဆုံးပဲ"ဟု ၎င်းက ပြောသည်။

တောင်ကျရေနှင့်အတူ ရေကြီးရေလျှံမှုကြောင့် ရေထဲမျောပါသွားသူ (၃)ဦးရှိပြီး (၂)ဦး၏ အလောင်းကိုသာ တွေ့ရှိထားသေးကြောင်း သိရသည်။

"သိကျိတ်မှာလည်း အိမ် (၂၀) လောက် ပျက်စီးတယ်။ လူ(၃)ဦး သေဆုံးပါတယ်။ တောင်ကျရေကြောင့် ရေထဲမျောပါသွားတဲ့ (၃) ဦးထဲက တစ်ဦးအလောင်းကိုတော့ မတွေ့သေးပါဘူး"ဟု ၎င်းက ဆက်လက်ပြောပြသည်။

ဖယ်ခုံမြို့နယ်အတွင်းနှင့် ဖယ်ခုံနှင့်နီးစပ်သည့် ကျေးရွာများအထိ ရေကြီးရေလျှံမှုများကြုံတွေနေရပြီး မြေပြိုမှုများကြောင့် လမ်းများလည်း သွားလာရ ခက်ခဲနေကြောင်း သိရသည်။

"ဒီဘက်မှာ လုံးဝ ခက်ခဲတာတော့ အများကြီးရှိတယ်။ အချို့သတင်းမရနိုင်တာ ရှိသေးတယ်။ လမ်းတွေပြိုတော့ အလှူရှင်တွေ လည်း သွားလာဖို့  ခက်ခဲတယ်"ဟု ကယန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း နေအိမ်များစွာ ရေဘေးသင့်ခဲ့ရပြီး ဒေသခံ (၅၀၀)ကျော်လည်း ဒုက္ခရောက်နေရသည့်အတွက် လတ်တလောတွင် ဆန် နှင့် စားနပ်ရိက္ခာများ အပါအဝင် အသုံးအဆောင်များ လိုအပ်သလို နေအိမ်များ ပျက်စီးသွားရခြင်းကြောင့် ၎င်းတို့အတွက် ယာယီတဲပြုလုပ်ပေးနိုင်ရန် မိုးကာများလည်း လိုအပ်နေလျှက်ရှိကြောင်း သိရသည်။ 

ဖယ်ခုံမြို့နယ်အတွင်း ရေဘေးသင့် ကျေးရွာများအပြင်  ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်အတွင်းမှ ရေဘေးသင့်ကျေးရွာများကလည်း သောက်သုံးရေ နှင့် စားနပ်ရိက္ခာများ အပြင် နေရာထိုင်ခင်းအတွက် မိုးကာတဲများ ကူညီပေးနိုင်ရန်  ကယန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ထံသို့  ဆက်သွယ် အကူအညီတောင်းခံလာကြောင်းလည်း သိရသည်။

သွားလာရ ခက်ခဲပြီး အကူအညီ လိုအပ်နေသည့် အဆိုပါ ဒေသများမှ ရေဘေးသင့်ပြည်သူများအတွက် စေတနာရှင်များအနေဖြင့် ဆက်သွယ်လှူဒါန်းလိုပါက  ကယန်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၏ Facebook စာမျက်နှာ ဖြစ်သည့် Kayan Literature and Culture Committee သို့ ဆက်သွယ်မေးမြန်းကာ လှူဒါန်းနိုင်ကြောင်း သိရသည်။